တောင်ကိုရီးယားရှိ အမေရိကန်စစ်သား ခုနစ်ဦး ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရ

၃ စက်တင်ဘာ

 

 

တောင်ကိုရီးယား နိုင်ငံရှိ အမေရိကန်စစ်သား ခုနစ်ဦး ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရကြောင်း ကိုရီးယားရောက်အမေရိကန်တပ်ဖွဲ့များ(USFK) က ယနေ့တွင် ပြောကြားခဲ့သည်။

 

 

တောင်ကိုရီးယားနိုင်ငံသို့ ဩဂုတ်လ ၁၅ ရက်မှ ၂၉ ရက်နေ့အတွင်း ရောက်ရှိခဲ့ပြီးနောက် USFK တပ်ဖွဲ့ဝင် ခုနစ်ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း USFK အဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

 

 

USFK တပ်ဖွဲ့ဝင်သုံးဦးမှာ ဩဂုတ် ၁၇၊ ၁၉ နှင့် ၂၈ ရက်တို့တွင် အမေရိကန်ပြည်ထောင်စုမှ အိုဆန်လေတပ် အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့သည်။ ထိုလေတပ်စခန်းမှာ ဆိုးလ်မြို့တော် တောင်ဘက် ကီလိုမီတာ ၇၀ အကွာတွင် ရှိသည်။

 

 

ထိုတပ်ဖွဲ့ဝင် လေးဦးမှာလည်း ဩဂုတ် ၁၅၊ ၁၇၊ ၂၈ နှင့် ၂၉ ရက်တို့တွင် အမေရိကန်ပြည်ထောင်စုမှ ဆိုးလ်မြို့အနောက်ဘက် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။

 

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသော အတည်ပြု လူနာများကို အခြေစိုက်စခန်းရှိ သီးသန့်ခွဲခြားထားရာ နေရာများတွင် နေထိုင်စေခဲ့သည်။

 

 

USFK တပ်ဖွဲ့နှင့် ဆက်နွှယ်သည့် ရောဂါကူးစက်မှု စုစုပေါင်း ၁၇၅ ဦး အထိ မြင့်တက်လာသည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြထားသည်။

 

 

မကြာသေးမီက ပြည်တွင်းကူးစက်မှုများ မြင့်တက်လာမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။

 

 

တောင်ကိုရီးယား နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၅ ဦး ထပ်မံတွေ့ရှိခဲ့ကာ ကူးစက်ခံရသူစုစုပေါင်း ၂၀၆၄၄ ဦး ရှိလာသည်။

 

 

ဩဂုတ်လ ၁၅ ရက်နေ့က ပြုလုပ်သော ဆန္ဒပြပွဲများနှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများနှင့် ဆက်စပ်ပြီး ဂျောင်ဂီပြည်နယ်ဝန်းကျင်နှင့် ဆိုးလ်မြို့တော်တွင် ဖြစ်ပွားခဲ့သော ရောဂါကူးစက်မှုများကြောင့် ဩဂုတ်လ ၁၄ ရက်နေ့နောက်ပိုင်း ကူးစက်ခံရသူဦးရေ ဆက်လက်များပြား လာခဲ့သော်လည်း ၁၇ ရက်အတွင်း နေ့စဉ်ကူးစက်ခံရသူ ဦးရေ ၂၀၀ အောက် ကျဆင်းခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို