တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး ဖွင့်ပွဲနှင့် အထက ကမ်းဒေးကျောင်း၊ မြတ်ဒါနစာသင်ဆောင် လွှဲပြောင်းပေးအပ်ပွဲ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

 

စစ်တွေ   ဇန်နဝါရီ    ၂၈

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၇ ရက်က တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး ဖွင့်ပွဲနှင့် ကမ်းဒေးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ မြတ်ဒါန စာသင်ဆောင် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့၊ မြို့အုပ်ချုပ် ရေးမှူးရုံး ဖွင့်ပွဲသို့ တက်ရောက်ကြပြီး မြို့အုပ်ချုပ်ရေးမှူးရုံးသစ် မုခ်ဦးအား ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တောင်ကုတ်မြို့၊ မြို့မိ၊ မြို့ဖ ဒေါက်တာစံလှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး မြို့အုပ်ချုပ်ရေးမှူးရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။

 

ထို့နောက် မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ်‌က အဖွင့်အမှာစကားပြော ကြားပြီး တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးက တန်းလွဲရွာမမြို့နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ ယင်းနောက် တန်းလွဲရွာမမြို့၊ မြို့မိမြို့ဖ ဦးထွန်းထွန်းဝင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က မိမိတို့ ဝန်ကြီးဌာန အလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားကြသည်။

 

ထို့နောက် ဝန်ကြီးချုပ်က တန်းလွဲရွာမမြို့အတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တန်းလွဲရွာမမြို့ ဆရာတော် ဘဒ္ဒန္တကောဝိဒါဘိဝံသအား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

 

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ် ကမ်းဒေးကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည့် မြတ်ဒါနစာသင်ဆောင် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ကြပြီး ကျောင်းဆောင်သစ်အား ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ကျောင်းဆောင်သစ်အလှူရှင်နှင့် ကျောင်းအုပ်ဆရာကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ တောင်ကုတ်မြို့ ဒေသဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ဦးကျောက်တောင်က တောင်ကုတ်မြို့နယ် ပညာရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လည်းကောင်း၊ မြတ်ပညာဒါန စာသင်ဆောင် အလှူရှင် သုဓမ္မမဏိဇောတဓရ ဦးခင်သိန်းက စာသင်ဆောင် လှူဒါန်းရခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ကမ်းဒေးကျောင်းသားဟောင်း၊ တောင်ကုတ် တက္ကသိုလ်၊ ဓာတုဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ မောင်မောင်ခင်က ဖြတ်သန်းခဲ့ရသော ပညာရေးအတွေ့အကြုံများကို လည်းကောင်း ပြောကြားသည်။ ယင်းနောက် ကျောင်းအုပ်ဆရာကြီးက ကျောင်းသမိုင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကမ်းဒေးသား၊ သူများကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်း များကို အလှူရှင်က ပြည်နယ်ပညာရေးမှူးထံပေးအပ်သည်။

 

ဆက်လက်၍ အလှူရှင်များက ကျောင်းအတွက် ကွန်ပျူတာတစ်စုံ၊ ကျောင်းပညာရေးပဒေသာပင်အတွက် မတည်ငွေ ကျပ် ၁၀ သိန်းတို့ကို ပေးအပ်လှူဒါန်းကြပြီး ကျောင်းသား၊ ကျောင်းသူများက မဟာနွယ်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်- မအီ- ကျောက်ဖြူလမ်း (တောင်ကုတ်-မအီအပိုင်း) တောင်ကုတ်မြို့နယ် ကိုင်းရှည်တံတားမှ တက္ကသိုလ် ပင်မဝင်ပေါက်အထိ ၃၆ ပေအကျယ် ကတ္တရာကွန်ကရစ်လမ်း(AC) လမ်းချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)