တောင်ငူခရိုင်အတွင်းရှိ ကျေးလက်ရေရရှိ ရေးလုပ်ငန်း(၂၇)ခုရာနှုန်းပြည့်ပြီးစီး

တောင်ငူ ဇန်နဝါရီ   ၁၈

 

ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွက်ကဲမှုအောက်ရှိ တောင်ငူခရိုင်အတွင်းမှ မြို့နယ်ငါးမြို့နယ်၌ ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ဆောင်ရွက်သော ကျေးလက်ရေရရှိရေးလုပ်ငန်း ၂၇ ခုမှာ  လုပ်ငန်းများအားလုံးရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်ဦးစီးမှူး၏ ပြောပြချက်အရ သိရသည်။

 

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် ၃၄၅ ဒဿမ ၉၀၅ သန်းအသုံးပြုပြီးကျေးလက်ရေရရှိရေးလုပ်ငန်းပေါင်း ၁၄ ခု၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေကျပ် ၃၂၇ ဒဿမ ၁၆၅ သန်းအသုံးပြုပြီး ကျေးလက်ရေရရှိရေးလုပ်ငန်း ၁၃ ခု၊ စုစုပေါင်း ကျေးလက်ရေရရှိရေးလုပ်ငန်း ၂၇ ခုကို တင်ဒါအောင်ကုမ္ပဏီများမှ တာဝန်ယူ၍ ၂၀၂၂ ခုနှစ် ဇူလိုင်လ ပထမပတ်မှစတင်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အချင်း ၄ လက်မရှိ တွင်းနက်တူးဖော်ခြင်းလုပ်ငန်းများ၊ ၂၄၀၀ ဂါလန်ဆံ့စင်မြင့်ရေစင်တည်ဆောက်ခြင်း လုပ်ငန်းများ၊ ဂါလန် ၅၀၀၀ ဆံ့ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းများ၊ ဆိုလာစနစ်သုံးရေတင်စနစ်တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ခြင်း‌ဖြစ်ကြောင်း သိရသည်။

 

တောင်ငူခရိုင်အတွင်းရှိ တောင်ငူမြို့နယ်၊ ဖြူးမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ကဝမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့၌ ဆောင်ရွက်သော ကျေးလက်ရေရရှိရေးလုပ်ငန်းများအားလုံးတွင် ဆိုလာစနစ်သုံး‌ရေတင်စနစ်များပါဝင်သည့်အတွက် မြို့နယ်ငါးမြို့ နယ်ရှိ အိမ်ထောင်စု ၃၉၇၃ စုမှ ကျေးလက်နေပြည်သူများမှာ စက်သုံးဆီကုန်ကျစရိတ် မရှိဘဲ လက်ရှိမှာ သန့်ရှင်းသောသောက်သုံးရေကို ရရှိသုံးစွဲနေပြီဖြစ်ကြောင်း တောင်ငူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုးမှ ပြောပြ၍ သိရသည်။

 

ကိုညို(ကျေးလက်)