တောင်ငူမြို့ ၅၂ မြို့ (အပိုင်း-၄)

သောင်းကေတု

 

ရန်အောင်မြင်.. ။

 

လယ်ဝေးမြို့ မြောက်ဘက်တွင် တည်ရှိသည်။ ရှေးအခါက နောင်ပြင်ဟု ခေါ်သည်။ မြို့ရိုးကျုံးရာများ ရှိသေးသည်။ ရွှေလက်လှစေတီသည် မြို့ရိုးအပြင်ဘက် အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ပျူခေတ်ကတည်းက တည်ရှိသောမြို့ဖြစ်သည်။ သီရိဓမ္မာသောကမင်းကြီး တည်ခဲ့သော ရွှေလက်လှစေတီ ယိုယွင်းနေသည်ကို ပုဂံပြည့်ရှင် သမုဒ္ဒရာဇ်မင်းက ပြန်လည်တည်ထားသည်။ တောင်ငူသမိုင်းတွင် ကေတုမတီမြို့ မြောက်ဘက် တာပေါင်း ၂၂၀၀၀ အကွာ နောင်ပြင်အရပ်တွင် မြတ်စွာဘုရား၏ ဦးနှောက်တော်ဓာတ်ကို ဌာပနာ၍ သီရိဓမ္မာ သောကမင်းကြီးက ရွှေလက်လှစေတီကို တည်ထားကြောင်း ဖော်ပြသည်။ လုံးပတ်တော် ၁၄၄ တောင်၊ ဉာဏ်တော် ၃၆ တောင်၊ သိမ်တဆောင်ကျောက် နိမိတ်တိုင် ၄ ခု၊ မေတ္တာကန်၊ ဘုရားဝတ်မြေများမှာ နရပတိစည်သူမင်းက လှူတော်မူသည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ် ၄ မျက်နှာ ဆင်မတော် အမည် ၎င်းဝတ္တကမြေအတွင်းတွင် လုပ်စားသည့် မြေခွန်များကို လူတစ်ကိုယ်လျှင် စပါး ၁၅ တင်း ကျစီ ကောက်ခံ၍ ဘုရားကို ပြင်ဆင်ရသည်။

 

မင်းကြီးညို ရေလွှဲ ၅ ခရိုင်ကို တိုက်ခိုက်စဉ်က ရန်အောင်မြင် မြို့တိုက်ပွဲကို မင်းတရားရွှေထီး နားတော် သွင်း ဧချင်းတွင် ဤကဲ့သို့ ဖွဲ့ဆိုပါသည်။ ‘ဗိုလ်လူရဲမက်၊ အုတ်ကျက်စည်ပင်၊ ရန်အောင်မြင်၌၊ မြင်းဆင်ထွေပြီး၊ အနှီးတန်ဆာ၊ လွှားကာဆက်ကြပ်၊ အထပ်ထပ်တိ၊ ချဉ်းကပ်မြူးဆယ်၊ ထိုဝယ်ကွန်ရက်၊ ရှေ့သို့တက်သော်၊ မာန်ကွက်ဟူးဟူး၊ ယှဉ်ပူးရှေ့တည်၊ ထိုမြင်းသည်နှင့်၊ ခေါင်းလည်အရ၊ ရည်ခန့်ကြ၍၊ ထိုးချပုံယင်၊ အတင်တင်ဝယ်၊ နတ်ရှင်ရှင့်ဘ၊ ဘုန်းတော်ပြလျက်၊ လက်လှဘုရား၊ နောက်ထားလွန်မြောက်၊ ရင်တားအောက်သို့၊ ထိုးဖောက် မြွက်မြွက်၊ စီးတည်းလွတ်၍၊ တလက်တဆန်း၊ သူလူလန်းမူ၊ သိမ်းမြန်းတချက်၊ မြင်းတော်ထက်က၊ ရွှေစက် တံခွန်၊ လှံတော်ကွန်မူ၊ ဆုံးဘန်မကျ၊ ထိုးကုံရ၏’။ တောင်ငူစစ်တမ်းတွင် ရန်အောင်မြင်မြို့၏ နယ်နိမိတ်၊ မြို့သူကြီး၏ ထွက်ဆိုချက် မရှိပါ။


တပ်တော်သာ..။

 

ပဲခူးရိုးမအတွင်းတွင် တည်ရှိသည်ဟု သိရသည်။ ယခုနေရာအတိအကျ မသိရပါ။ ၁၁၄၆ ခုနှစ် တောင်ငူ မြို့စစ်တမ်းတွင် တပ်တော်သာပြည်စိုး စံလှကျော် အသက် (၅၀) ကိုမေးသော် တပ်တော်သာရွာကို ကျွန်တော်၏ဘေး ငကျော်မြ ကြီးစိုးစီရင်သည်။ မရှိလျှင် သား ငချစ်ဆုံ၊ မရှိလျှင် သားငဝင်၊ မရှိလျှင် သား ငစံလှကျော် ဆက်ခံသည်။ တပ်တော်သာနယ်သည် အရှေ့ကို ၄ တိုင် ကွာ ကုန်းခေါင်ရိုးမအထိ၊ တဘက် ရေလွှဲ ၅ ခရိုင် မြေနှင့်ကြောခိုင်း၊ အရှေ့တောင်ကို ၅ တိုင်ကွာ နတ်ကြီး ကွန်းတော်ရာ ကုန်းခေါင်ရိုးမအထိ၊ တဘက်မြေထဲမြေနှင့် ကြောခိုင်း၊ တောင်ကို ၄ တိုင်ကွာ ကြေးနီချောင်း၊ ကိုထူး ကွဲအထိ၊ တဘက်မြေထဲမြေနှင့် ကြောခိုင်း၊ အနောက် တောင်ကို ၆ တိုင်ကွာ စွယ်တော်ချောင်း၀၊ လဲပင် ပင့်ဖြူအထိ တဘက်မြေထဲမြေနှင့် ကြောခိုင်း၊ အနောက် ကို ၇ တိုင်ကွာ၊ ချင်မိကြော တောင်ညို၊ တောင်ကုလား အထိ၊ တဘက် မြေထဲမြေ၊ တောင်တွင်းကြီးမြေနှင့် ကြောခိုင်း၊ အနောက်မြောက်ကို ၈ တိုင်ကွာ မန်ကြီး တင်းတိမ်ရံအထိ၊ တဘက် တောင်တွင်းကြီးမြေနှင့် ကြောခိုင်း၊ မြောက်ကို ၈ တိုင်ကွာ ရန်ပယ်ချောင်းအထိ၊ တဘက် တောင်တွင်းကြီးမြေနှင့် ကြောခိုင်း၊ အရှေ့မြောက် ကို ၈ တိုင်ကွာ မယ်စော၃ ပိုင်း၊ ကျားသုံးပိုင်းအထိ၊ တဘက် တောင်ညို မြေ၊ ၅ ခရိုင် မြေနှင့် ကြောခိုင်း။ ၎င်းနယ်အတွင်း အနောက်မြောက်မန်ကြီး တင်းတိမ်ရံဆိုသည့်နယ်မှာ ဟံသာ၀တီရောက် မင်းဘိုးတော် စနေမင်း လက်ထက်ကသည် ယခုတိုင်အောင် ကျွန်တော်တို့က မစီရင်ရ၊ ချင်မိကြောသဲဖြူ ချောင်း၀၊ တောင်လှည့် လမ်းကူး၊ အင်းပျဉ်ကုန်းခေါင်ရိုးမ အထိသာ စီရင်ရသည်။ ကျန်နယ်မြေကို တောင်တွင်းကြီးက စီရင်ပါသည်။ အခြား တောင်ငူ ၅၂ မြို့ဝင် မြောက်ပိုင်း မြို့ရွာများကဲ့သို့ပင် လေးတပ်သားများ ဖွဲ့စည်းသည်။ လေးတပ်သားများကို အခွန်မကောက်ခံရပါ။ ကျန်လူများ၏ အခွန်ကို တောင်ငူမြို့ ရုံးတော်သို့ဆက်သွင်းရ၏။ စစ်ရေးပေါ်ပါက လေးတပ်ဖွဲ့နှင့် တောင်ငူရုံးတော်၏ စီမံခန့်ထားရာကို ထမ်းဆောင်ရကြောင်း ထွက်ဆိုပါသည်။ စစ်တမ်းအရ တပ်တော်သာ၏ အရှေ့တောင်၊ တောင်၊ အနောက်တောင် နယ်နိမိတ်များမှာ မြေထဲနယ်မြေများက ဝန်းရံလျက်ရှိသည်။ ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး အောင်လံမှ ရေနီအထိ နယ်ခြားကျောက်တိုင်စိုက်ထူရာတွင် ပါဝင်သော ကြေးနီချောင်း ကိုထူးကွဲတို့မှာ တပ်သော်သာ၏ တောင်ဘက်တွင်ရှိကြောင်း တွေ့ရသည်။


တောင်ငူဘုရင်မင်းကြီးညို၏ စိုးမင်းမိဖုရားမှမွေးသော သမီးတော်ကို တောင်တွင်းကြီး မြို့စား၏သား မင်းကြီး ရွှေမြတ်နှင့် ထိမ်းမြားပေးသည်။ တောင်ငူဘုရင် သမီးတော်က ယောက္ခမတော်သူ တောင်တွင်းမင်းကြီးသို့ ပုဆိုးအင်္ကျီ ပေါင်းထုတ်ဆက်သလိုက်သည်တွင် တောင်တွင်းမင်းကြီးက “တပ်တော်သာ(၃၆)ရွာ” ကို နယ်နိမိတ်သတ်မှတ်၍ ချွေးမတော်ကို နနွင်းဖိုးပေးတော်မူသည်။ ထိုစဉ်ကစ၍ တပ်တော်သာသည် တောင်ငူပိုင်နက်တွင် ပါဝင်လာသည်။ စနေမင်းလက်ထက်က တပ်တော်သာနယ်မြေတွင် ပါဝင်သော နယ်အချို့ကို တောင်တွင်းကြီးကစီရင်သည်မှာ ထိုနယ်၏ မူလပိုင်ရှင်များ တောင်တွင်းကြီး မြို့စားပိုင်နက် ဖြစ်၍ စီရင်ဟန်တူသည်။

 

mdn
ရွှေလက်လှစေတီတော် (ရန်အောင်မြင်မြို့ဟောင်း)

 

မြို့လှမြို့..။

 

ယခုရေတာရှည်မြို့နယ်တွင် ပါဝင်သည်။


၁၁၄၆ စစ်တမ်းတွင် မြို့လှသူကြီး ကင်းကိုင် ငထွန်းကြိုင် ၆၅ ခုနှစ်၊ ဓမ္မဝေသူ ၂၃ နှစ်၊ ငမောင် အသက် ၂၅ တို့ကို စစ်မေးရာ မြို့လှကင်းကို ကျွန်တော့်ဘိုးငစံပု ကြီးစိုး စီရင်သည်။ မရှိလျှင်သားငစံလုံ၊ ငစံလုံ၏ညီ ငဖြူခိုင်၊ မရှိလျှင် သား ကျွန်တော် ငထွန်းကြိုင် ဆက်ခံပါသည်။ ကျွန်တော် ဓမ္မဝေသူမှာ ဘီငဖိုးမင်း၊ သား ငကျော်ဖြူ၊ သားငစံမွှေး၊ မြေးကျွန်တော် ဓမ္မဝေသူဆက်ခံသည်။ ကျွန်တော်ငစောင်မှာ ဘီငဖိုးမင်း၊ သားငရွှေဖြိုး၊ သားငထွန်းညို၊ မြေးကျွန်တော် ငမောင် ဆက်ခံစီရင်ပါသည်။ မြို့လှနယ်မှာ အရှေ့ကို ၁ တိုင်ကွာ ဝါးရုံလဲအထိ၊ တဘက်တောလင်းမြေနှင့် ကြောခိုင်း တောင်ကို ၂ တိုင်ကွာ တန်ဘုံချောင်းအထိ၊ တဘက်မြောင်း တူး၊ သာဂရမြေနှင့်ကြောခိုင်း အနောက်ကို ၂ တိုင်ကျော်ကွာ ကန်ရေ၊ ဇရပ်ကုန်းအထိ၊ တဘက် တပ်တော်သာမြေနှင့် ကြောခိုင်း၊ မြောက်ကို ၁ တိုင်ကျော်ကွာ ဒေါင်းသိုက်ချောင်း အထိ၊ တဘက် တောင်ဝင်းမြေနှင့် ကြောခိုင်း၊ ဤနယ် ၄ ရပ်အတွင်း လုပ်သားတို့မှာ ကျွဲတရှဉ်းလျှင် စပါး(၁၀)တင်း ကောက်ယူသည်။ မြို့သူကြီးကင်းကိုင်တို့ ကင်းတော်ပြီးလျှင် ကင်းတွင် ကျီနှင့်သွင်းထား၍ တောင်ငူမြို့ဝန်၊ အခွန်ဝန်စစ်ကဲ နာခံ၊ စာရေးကြီးတို့ လာရောက်သည်ကို ဆီးကြိုကျွေးမွေးရသည်။ ကုန်သည်တို့ ကွမ်းသီးအချိန် (၁၀၀)လျှင် ငွေရွက်နီ (၂ိ)၊ နွားတတင်လျှင် ခွန်မ ၁ မူး၊ ဖျင်တလိပ်လျှင် ၂ မတ်၊ ပုဆိုး၁ လိပ်လျှင် ခွန်မ ၊ သစ္စေး အချိန် (၁၀၀) လျှင် ၊ ပိုးအချိန် ၁၀ လျှင် ၊ ဆားငါးငပိ၊ ငရုတ်၊ ကြက်သွန်များမှာ အချိန် ၁၀၀ လျှင်၊ ဆီအချိန် (၁၀၀)လျှင် ၊ သင်္ဘောကုန်၊ အဝတ်အထည်မှာ ၁ ထည် လျှင် ၁ ထည်ထမ်း အခွန်တော်ကို တောင်ငူရုံးမှာ ဆက်သွင်းရသည်။
ကင်းသို့ အမိန့်တော် အမှာ မှတ်စာမပါသည့် ဆင်စွယ်၊ ဖယောင်း၊ ခဲယမ်းများနှင့် လာရောက်သူ သူခိုးဓားပြ၊ စစ်ပြေး စစ်ရှောင်တို့ ထွက်ပြေးလာရောက်သူများကို ဖမ်းဆီး၍ တောင်ငူရုံးသို့ ဆက်ပို့ရသည်။ ကင်းမှာ ကင်းရုံစကြော၊ ကင်းတိုင်ရွှေချ ဆောက်လုပ်စိုက်ထူ၍ မြို့သူကြီးကင်းကိုင် တို့ စောင့်နေစီရင် စစ်ကြောကောက်ခံသည်။ နယ်တွင်းနေ ကင်းစောင့်နေလူတို့ကို စစ်လက်နက်ကိုင် မင်းမှုမင်းခင်း မခန့်မထားရ၊ ကင်းတော်တွင်သာ လုံခြုံအောင်စောင့် နေရသည်။ ကျန်အခွန်အကောက် တရားကွမ်းဘိုး ကောက်စားရသည်များကို တောင်ငူရုံးတော်သို့ ဆက်ရကြောင်း ထွက်ဆိုသည်။

 

ဆွာရွာ..။

 

၁၁၄၆ ခုနှစ်၊ နယုန်လဆန်း ၅ ရက်နေ့တွင် ဆွာသူကြီး ငပန်းဆန် အသက် (၅၀) က အောက်ပါအတိုင်း ထွက်ဆိုသည်။ ဆွာသူကြီး ရိုးမပေါ်မရှိ၍ ဘုရား နောင်တော် ဆင်ဖြူရှင် လက်ထက်တော်တွင် ကျွန်တော် ပြုစုသည်။ ဆွာရွာနယ်သည်၊ အရှေ့ကို တတိုင်ကျော်ကွာ နတ်ရေတွင်းထိ၊ တဘက် မြောင်းတူးမြေနှင့် ကြောခိုင်း၊ အရှေ့တောင်ကို ၃ တိုင်ကွာ ကွန်းအုံတောတန်းအထိ၊ တဘက်စည်ပင်မြေနှင့် ကြောခိုင်း၊ တောင်ကို ၂ တိုင်ကွာ တောင်ညိုတောင်၊ တောင်နီထိ၊ တဘက်ကဲလင်းမြေနှင့် ကြောခိုင်း၊ အနောက်တောင်ကို တတိုင်ကွာ စမိုးချောင်းထိ၊ တဘက်စည်ပင်မြေနှင့်ကြောခိုင်း အနောက်ကို ၃ တိုင်ကွာ ကုန်းခေါင်ရိုးမအထိ၊ တဘက်မြေထဲမြေနှင့် ကြောခိုင်း၊ အနောက်ကို ၃ တိုင်ကွာ ကုန်းခေါင်ရိုးမအထိ၊ တဘက် မြေထဲမြေနှင့် ကြောခိုင်း၊ အနောက်မြောက်ကို တာ (၃၀၀၀၀) ကွာ ကျောက်မဆင်ထိ၊ တဘက် ၅ ခရိုင် မြောင်းခွ မြေနှင့်ကြောခိုင်း၊ မြောက်ကို ၂ တိုင်ကွာ သင်္ကန်း ကြိုးထိ၊ တဘက် သာဂရမြေနှင့်ကြောခိုင်း၊ အရှေ့မြောက်ကို ၁ တိုင်ကွာ လက်စွပ်ကျေး၊ အင်ထောင်နားထိ တဘက် မြောင်းတူးမြေနှင့်ကြောခိုင်း၊ ဤနယ် ၈ ရပ်အတွင်း လယ်လုပ်တောင်သူတို့မှာ ကျွဲတရှဉ်းလျှင် အခွန်စပါး ၁၀ တင်း၊ ကိုင်းခွန်ဓါးမတစင်းလျှင် ရွက်နီ ိ၂ ၊ သစ်ရင်းဓါးရင်း တကိုယ် ိ၂၊ တောင်ငူမြို့ ရုံးတော်သို့ ဆက်သွင်းရသည်။ တရားကွမ်းဘိုး အကောက်အစား စီရင်သည်များကို တောင်ငူရုံးတော်သို့ ဆက်သွင်းရသည်။ စစ်လက်နက်ကိုင် မင်းမှုမင်းခင်းပေါ်ရှိလျှင် တောင်ငူရုံးတော်က ခန့်ထားရာ ထမ်းရွက်ရသည်။
 

 

တောင်ငူသမိုင်းတွင် ဆွာချောင်းပေါ်ရှိ ကမ္ဘားမြင့်ရွာကို ပုဂံပြည်ရှင်နရပတိစည်သူမင်းကြီးက သမက် တော် ရန်မာန်ငထွေးကို ရွာစားပေးခဲ့သည်။ အနန္တသူရိယ ဘွဲ့ခံရန်မာန်ငထွေး၏သား မင်းလှစော၊ မင်းလှစော၏ သား သဝန်လကျ်ာ လက်ထက်တွင် လူဦးရေများပြား လာသဖြင့် ဆွာချောင်းမြောက်ဘက်ကမ်းသို့ ပြောင်းရွှေ့ကာ ကြခတ်ဝါးရံမြို့ကို တည်ထောင်သည်။ ထိုမြို့စည်ကား လာသည်ကို မွန်ဘုရင်က လာရောက်တိုက်ခိုက်ပြီး မြို့စားသဝန်လက်ျာကို ခေါ်ဆောင်သွားသည်။ ပျူရွာတွင် အကျယ်ချုပ်ချထားသည်။ သဝန်လက်ျာက သားတော် သဝန်ကြီး သဝန်ငယ် ညီနောင်ကို ဤဒေသသည် ငါတို့၏ ဇာတိမြေမဟုတ်၊ လွတ်သာပါက ပေါင်းလောင်းမြစ်ကို ဆန်တက်ပြီး လက်ဝဲဘက်က ဆွာချောင်းသို့ဝင်ကာ တောင်အငူနေရာ ရွာဟောင်းမြေတွင် မြို့တည်ကြရန် မှာကြားသည့် ဖခင်ကွယ်လွန်ပြီးနောက် သဝန်ညီနောင်တို့ ထွက်ပြေးကြရာ ခပေါင်းချောင်းကို ဆွာချောင်းထင်ကာ ဝင်ခဲ့ကြသည်။ ပဲခူးရိုးမအနီးရောက်မှ တောင်အငူငယ် တစ်ခုကိုတွေ့သဖြင့် ဖခင်မှာခဲ့သော ရွာဟောင်းနေရာအမှတ်ဖြင့် မြို့ကိုတည်ထောင်ကာ “တောင်ငူ” ဟု သမုတ်ခဲ့သည်။ ထိုနေရာမှာ အုတ်တွင်းမြို့နယ် သပြေကုန်းရွာအနီး အမြန်လမ်းမကြီး မိုင်တိုင် ၁၄၂/၆ ၏ အနောက်ဘက်တွင် တည်ရှိသည်။ ယခု တောင်ငူငယ်ဟု ခေါ်သည်။ ထိုနေရာ တွင် ၁ နှစ်ခန့်နေပြီး သက္ကရာဇ် ၆၄၁ ခုနှစ်က ဆုန်လတွင် ခပေါင်းချောင်း၏မြောက်ဘက် မင်းဝံ တောင်ကုန်းပေါ် သို့ ရွှေ့ပြောင်းကာ တောင်ငူကြီး (ဓည၀တီ )မြို့ကို တည်ထောင်သည်။ ဆွာသည် တောင်ငူမြို့ ဖြစ်ပေါ်လာရန် အခြေခံဒေသဖြစ်ပါသည်။

 

မြောင်းတူး..။

 

မြောင်းတူးရွာသူကြီး ငသာအောင်က ထွက်ဆိုရာတွင် အရှေ့ကို ၈ တိုင်ခန့်အကွာ ကရင်တောင်ရိုးအထိ၊ တဘက်ဇင်းမယ်မြေနှင့်ကြောခိုင်း၊ အရှေ့တောင်ကို ၅ တိုင်ကျော်ခန့်ကွာ ကြိမ်နံ့သာချောင်းအထိ တဘက် ကွန်းအုံမြေနှင့်ကြောခိုင်း၊ အနောက်တောင်ကို ၂ တိုင်ကွာ ရွှေကစောင်း အင်းပိုင်း ခဝါသည် ဆိပ်အထိ တောင်ကို ၂ တိုင်ခန့်အကွာ မကျည်းရွှေမြတ်ကွန်းအထိ တဘက်ကွန်းအုံမြေနှင့်ကြောချင်း၊ အနောက်ကို ၃ တိုင်ကွာ တလိုင်းပွဲ လူသွားလမ်းအထိ၊ တဘက်စိုင်မြို့မြေနှင့် ကြောခိုင်း၊ အနောက်မြောက်ကို ၃ တိုင်ကျော်ကွာ ကျောက်အင်္ဂတေ တုံးအထိ၊ တဘက်အောင်သာ မြို့မြေနှင့် ကြောခိုင်း၊ မြောက်ကို ၂ တိုင်ကွာ ကျောက်စရစ် အင်တိုင်း ပန်းပုချောင်းအထိ၊ တဘက်အောင်သာ မြို့မြေနှင့်ကြောခိုင်း၊ အရှေ့မြောက်ကို ၄ တိုင်ခန့်ကွာ ဖွဲ့ဖျင်တိုင်မျောအထိ၊ တဘက်တောင်ဝင်းမြေနှင့် ကြောခိုင်း နယ် ၈ ရပ်ကွက် အတွင်း သိန်လမိုင်အင်း၊ စမိုးမဲအင်း အင်း ၂ အင်းမှာ အင်းသူကြီးတို့ကို အခွန်မခံရ၊ လုပ်သူလုပ်သား တကိုယ် လျှင် ငွေရွက်နီ  ၂ လယ်လုပ်သူ ကျွဲတရှဉ်းလျှင် အခွန်စပါး ၁၀ တင်း တောင်ငူရုံးတော်သို့ သွင်းရကြောင်း ထွက်ဆိုသည်။