တောင်ငူမြို့ လက်ဖက်ရည်ဆိုင်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျုးလွန်သူကိုဖမ်းဆီးရမိ

တောင်ငူ ၂၈  မတ်

 

  
တောင်ငူမြို့ အမှတ် (၁၆) ရပ်ကွက်၊ ကုန်သည်ကြီးလမ်းရှိ လက်ဖက်ရည်ဆိုင်တွင် မတ် ၂၆ ရက် ညနေ ၅ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူသည် မတ်လ ၂၇ ရက်နေ့ ညနေပိုင်းက တောင်ငူအမှတ် ၂ နယ်မြေ ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ပြီး အဆိုပါ ပြစ်မှုကျူးလွန်စဉ်က ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်သူကိုပါ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

 


အခင်းဖြစ်ပွားသည့်နေ့က သေဆုံးသူ ဦးမြင့်လွင်(ခ)မင်းလွင် ၅၀ နှစ်၊ လျှပ်စစ်အင်ဂျင်နီယာ (နေပြည်တော်)၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့နေသူသည် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးခဲ့ရာ ဦးမြင့်လွင်(ခ)မင်းလွင်သည် ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှ ဒဏ်ရာများရရှိခဲ့သဖြင့် တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့သည်။ အမှုဖြစ်စဉ်အား ရဲတပ်ဖွဲ့က စီစီတီဗွီမှတ်တမ်းများအား စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ နေဝင်းအောင် ၃၅ နှစ်၊ မိကျောင်းခေါင်းကျေးရွာ၊ မဲဖလံအုပ်စု၊ ထန်းတပင်မြို့နယ်နေသူဖြစ်ကြောင်း သိရှိရသည်။ ပြစ်မှုကျူးလွန်သူအား အခြားတစ်ဦးမှ ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်ခဲ့သည်ကိုလည်း စစ်ဆေးတွေ့ရှိရသည်။

 


ယင်းနောက် စုံစမ်းမှုများဆောင်ရွက်ခဲ့ရာ လိုက်ပါပို့ဆောင်ပေးခဲ့သူမှာ သေဆုံးသူ ဦးမြင့်လွင် (ခ) မင်းလွင်၏ဇနီး မအေးခိုင်နှင့် တူတော်သူ ပိုင်ဇင်စိုး ၂၀ နှစ်၊ မိချောင်းခေါင်းကျေးရွာ နေသူဖြစ်ကြောင်း သိရှိရသဖြင့် ပိုင်ဇင်စိုးအား ရှာဖွေဖမ်းဆီးခဲ့သည်။ ဆက်လက်၍ ပြစ်မှုကျူးလွန်သူ နေဝင်းအောင် အား ဖမ်းဆီးရမိရေးအတွက် မိသားစုအား စည်းရုံးပညာပေး ပြောကြားခဲ့ရာမှ ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း အမှတ် ၂ နယ်မြေ ရဲစခန်းမှ (အမှုစစ်) စခန်းမှူး ရဲအုပ် အောင်ကိုကို ထံမှ သိရသည်။ 

 


အခင်းဖြစ်ပွားရသည့် အကြောင်းမှာ သေဆုံးသူနှင့် ပြစ်မှုကျူးလွန်သူ၏ နှမတို့သည် အိမ်ထောင်ရေး အဆင်မပြေကြောင်း၊ ပြစ်မှုကျူးလွန်သူ၏ နှမဖြစ်သူက ကွာရှင်းခွင့်တောင်းရာမှ ပြဿနာဖြစ်ပွားပြီး ယခုကဲ့သို့ လူသတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 


ကိုလွင်(ဆွာ)