တောင်ငူ ဇွန် ၁၁

 

ပဲခူးတိုင်းဒေသကြီး ကေတုမတီ တောင်ငူမြို့ဟောင်း တောင်ငူခေတ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်တူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှေးဟောင်းကျုံးအတွင်းရှိ သောင်များတူးဖော်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ပိတ်ဆို့နေမှုများရှင်းလင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့က အနီးကပ်ကြီးကြပ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အနောက်ဘက် ရှေးဟောင်းကျုံးအတွင်းရှိ သဲ၊ မြေ သောင်များတူးဖော်ခြင်း၊ ကျုံးအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် အမှတ်(၁၇) ရပ်ကွက် ကန်လမ်းကျုံးရှိ ပိတ်ဆို့နေမှုများကို တူးဖော်ခြင်းနှင့် ကျုံးအတွင်းပိတ်ဆို့နေမှုများ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ဒုတိယမြန်မာနိုင်ငံတော် တောင်ငူမင်းဆက်များ၏ မြို့ရိုး၊ မြို့ဝင်ပေါက်တံခါးများ၊ ရေကျုံး၊ နွံကျုံး၊ နန်းတော်ရာနှင့် ရှေးဟောင်းစေတီပုထိုးများကို စနစ်တကျ ပြန်လည်တူးဖော်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တောင်ငူဒေသ ဖွံ့ဖြိုးတိုးတက်လာ၍ ရှေးဟောင်းမြို့တော်အတွင်း ခရီးသွားလုပ်ငန်းများဖြင့် နိုင်ငံတကာမှ ခရီးသည်များ ဝင်ရောက်လာပြီး ဟိုတယ်လုပ်ငန်းကြီးများနှင့်အတူ ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)