တောင်ငူမြို့နှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

 

တောင်ငူမြို့နှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် တောင်ငူမြို့ (၁၉) ရပ်ကွက်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ အောင်ကျော်ဟိန်း (ခ) အောင်ကျော် အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ ယင်းနေ့ ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ် ဝမ်တုံကျေးရွာအုပ်စု ကောင်းမူးကျေးရွာရှိ မဝင်းနွဲ့၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ နှင့် ဘိန်းဆီခဲ သုည ဒသမ ၀၀၃၅ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၆ နာရီ ၁၅ မိနစ်တွင် မိုင်းဆတ်မြို့နယ် ဝမ်တုံကျေးရွာအုပ်စု ကောင်းမူးကျေးရွာနှင့် ပူနားကို ကျေးရွာသွားကားလမ်းတွင် ရဲထက်ပိုင်အား စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ နှင့်အတူလည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်