တောင်ငူမြို့နယ်၌ မြေကွက်ဂရန်သက်တမ်းတိုးရန် ပြောဆိုစဉ် စကားအချေအတင်ဖြစ်ကာ လင်မယားနှစ်ဦး အသတ်ခံရ

တောင်ငူ ၂၂ ဖေဖေါ်ဝါရီ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ကေတုမတီမြို့သစ် မင်းကြီးဆွေရပ်ကွက်ရန်ကုန်- မန္တလေးကားလမ်း အရှေ့ဘက်ဘေးတွင် လင်မယားနှစ်ဦးစလုံးအသတ်ခံရပြီး ၎င်းတို့၏ သမီးငယ်မှာ ဦးခေါင်း ဒဏ်ရာရရှိကြောင်း သိရသည်။ 


ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက်နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်မြို့ပုသိမ်လမ်း စမ်းချောင်းမြို့နယ်နေ ဦးစိုးလင်းသန်း (၄၉ နှစ်)၊ ဇနီးဖြစ်သူဒေါ်ချောစုစုလင်း (၄၅ နှစ်) နှင့် သမီးဖြစ်သူမသော်တာထက်စံ (၁၅ နှစ်) တို့သည်ကေတုမတီမြို့သစ် မင်းကြီးဆွေ ရပ်ကွက်တွင်နေထိုင်သည့် ဦးတိုးကြည် (၇၆ နှစ်) ၏နေအိမ်ရှေ့သို့ ရောက်ရှိလာပြီး ၂၀၁၂ ခုနှစ်က ဦးတိုးကြည်၏ သားဖြစ်သူ ရဲဝင်း (၅၁ နှစ်) ထံမှ မြေကွက်အား ဂရန်သက်တမ်း တိုးရန် လိုအပ်သည်များ တောင်းယူပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ လက်မှတ်လိုက်ထိုးပေးရန် ပြောဆိုကြောင်း။


ထိုသို့ပြောသည်ကို ဦးတိုးကြည်က မလုပ်ပေးနိုင်ကြောင်းပြောရာမှ စကား အချေအတင်ဖြစ်ပြီး ဦးတိုးကြည်က ဝင်ရောက်လုံးထွေး ချုပ်ကိုင်ကာ ရဲဝင်းက လျှပ်စစ်မီးကြိုး သွယ်တန်းရာ၌ အသုံးပြု သည့် ကြွေသီးခေါင်းဖြင့် ဦးစိုးလင်းသန်း၊ ဒေါ်ချောစုစုလင်းတို့ နှစ်ဦးစလုံးကိုထုသတ်ပြီးနောက် သမီးဖြစ်သူမသော်တာထက်စံကိုပါ လိုက်ထုစဉ်အနီးမှ ဝိုင်းဝန်းဆွဲထားနိုင်ခဲ့ ခြင်းကြောင့်အသက်ဘေးမှ လွတ်ကင်းသွားရခြင်းဖြစ်ကြောင်း အခင်းဖြစ်စဉ်တွင် ဖျန်ဖြေပေး သည့် အမျိုးသမီးက ပြောသည်။ 


ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တိုးကြည်နှင့် ရဲဝင်းတို့ နှစ်ဦး ကို ကေတုမတီမြို့သစ် နယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

သန်းလွင်