တောင်ငူမြို့နယ်တွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော်၊  ၂၀  မေ

တောင်ငူမြို့နယ်တွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်း ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၉ ရက် နံနက် ၁၀ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ထုံးဘိုကြီးပူးပေါင်းစစ်ဆေးရေးစခန်း၌ ကယားပြည်နယ်မှ တောင်ငူဘက်သို့ ဇော်မိုး(ခ)ငပိန်(၄၈)နှစ် မောင်းနှင်ပြီး စိုင်းမောင်(၂၁)နှစ် လိုက်ပါလာသည့် မော်တော်ယာဉ်အား သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၃၅,၇၅၀ သိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်အရ နံနက် ၁၁ နာရီခွဲတွင် ဖမ်းမိစိတ်ကြွရူးသွပ်ဆေးပြားများကို တာဝန်ခံ သယ်ဆောင်လာသူ မင်းသိန်း(ခ)စိုင်းမင်း သိန်း (၄၇)နှစ်နှင့် စိုင်းမြမောင်(ခ)မြမောင် (၃၅)နှစ်တို့ကို Alphard မော်တော်ယာဉ်တစ်စီးနှင့်အတူ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့မီးပွိုင့် လမ်းဆုံတွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာမှ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။ 

(သတင်းစဉ်)