တောင်ဩစတြေးလျပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများကြောင့် နယ်စပ်ကန့်သတ်ချက်များ ပိုမိုတင်းကျပ်

ဒီဇင်ဘာ ၂

 

တောင်ဩစတြေးလျပြည်နယ်အစိုးရက ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားကိုတုံ့ပြန်သည့်အနေဖြင့် နယ်စပ် ကန့်သတ်ချက်များကို ပိုမိုတင်းကျပ်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူ ၁၈ ဦးထပ်မံတွေ့ရှိခဲ့သည်ဟု ယနေ့တွင်ဖော်ပြထားသည်။

 

အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွားမှုအပေါ် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ပြီး ရောဂါကူးစက်ဖြစ်ပွားမှု ကိုတုံ့ပြန်သည့်အနေဖြင့် ထိုပြည်နယ်အကြီးအကဲ စတီဇင်မာရှယ်က နယူးဆောက်ဝေးပြည်နယ်မှ ခရီးသွားများ အားလုံး မိမိတို့ပြည်နယ်သို့ ရောက်ရှိလာပါက စမ်းသပ်စစ်ဆေးမှု ခံယူရမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံတကာမှရောက်ရှိလာသူများ သီးသန့်ခွဲခြားနေထိုင်ခြင်းကိုလည်း ခုနစ်ရက်မှ ၁၄ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်ခဲ့သည်။

 

နိုဝင်ဘာ ၂၃ ရက်နေ့က နယ်စပ်ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း ရောဂါကူးစက်မှုများဖြစ်ပွားလာသည်ကို အံ့အားသင့်ခြင်းမရှိသော်လည်း အိုမီခရွန်ကူးစက်မှုအခြေအနေကို အထူးဂရုစိုက်စောင့်ကြည့်ရမည်ဟု မာရှယ်က ဆိုသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်တတိယလှိုင်းဆက်လက်ကူးစက်မှု ဖြစ်ပွားနေရာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၁၇၀၀ ကျော်ကိုထပ်မံတွေ့ရှိခဲ့သည်ဟု ယနေ့တွင် ဖော်ပြထားသည်။ အသက် ၁၆ နှစ်နှင့်အထက် ကိုဗစ်ကာကွယ်တစ်ကြိမ်ထိုးနှံမှုခံယူပြီးသူ ၉၂ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ၈၇ ဒသမ ၄ ရာခိုင်နှုန်းသည် ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို