တောင်ပေါ်ဒေသမှ ထွက်ရှိလာသည့် ပြောင်းဖူးများ မန္တလေးမြို့ရှိ သီရိမာလာကုန်စိမ်းဈေးသို့ နေ့စဉ်ဝင်ရောက်ကာ အရောင်းသွက်

 

မန္တလေး မေ ၂၈

မန္တလေးမြို့ အောင်မြေသာစံခရိုင်ရှိ သီရိမာလာ ကုန်စိမ်းလက်ကား ဈေးအတွင်းသို့ ယခုအချိန်တွင် တောင်ပေါ်ဒေသမှ ထွက်ရှိလာသည့် ပြောင်းဖူးများ နေ့စဉ်ဝင်ရောက်ကာ အရောင်းအဝယ်များ သွက်လက်ကောင်းမွန်နေကြောင်း အဆိုပါဈေးအတွင်းရှိ ပြောင်းဖူးပွဲရုံများထံမှ သိရသည်။ 

အဆိုပါ ပြောင်းဖူးများသည် ပြင်ဦးလွင်ဒေသနှင့် နောင်ချိုဒေသတို့မှ ထွက်ရှိပြီး မန္တလေးမြို့ သီရိမာလာကုန်စိမ်းဈေးသို့ တစ်ရက်လျှင် ၁၂ ဘီးကားအစီးရေ ၇ စီးမှ ၈ စီးအထိ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ယခု လက်ရှိအချိန်တွင် ဈေးနှုန်းများမှာ ပိဿာချိန် ၃၀ ဆံ့ အဖူးရေ ၁၀၀ ပါ တစ်အိတ်လျှင် အိတ်ပြတ်အနေဖြင့် ငွေကျပ် ၄၅၀၀၀ မှ ၅၀၀၀၀ ဈေးတို့ဖြင့် အရောင်းအဝယ်ကောင်းနေကြောင်း မန္တလေးမြို့မှ အောင်ပွဲရုံပိုင်ရှင် ဦးအောင်မိုးနိုင်က ပြောသည်။ 

“လက်ရှိအချိန်မှာ ဈေးကိုဝင်ရောက်လာတဲ့ပြောင်းတွေ အဝယ်သွက်ပြီး အရောင်းအဝယ်တွေ ကောင်းနေပါတယ်။ ပြောင်းက ရှမ်းပြည်နယ်ဘက် ပြင်ဦးလွင်နဲ့ နောင်ချိုက ဝင်ရောက်နေပါတယ်။ ပြောင်းကနယ်တွေက အထွက်မရှိတော့တဲ့အပြင် ခုချိန်မှာ အနည်းငယ် ရှားပါးလာတာကြောင့် အဝယ်သွက်လာပါတယ်။ ပြောင်းကို အိတ်ပြတ်ဝယ်ယူကြတာ များပါတယ်။ ဝင်ရောက်လာတဲ့ ပြောင်းတွေကတော့ ၇၀၂၊ ၁၃၅၊ ၉၉ မျိုးတွေပါ။ လားရှိုးနဲ့ ရန်ကုန်တို့ကိုလည်း တင်ပို့ရပါတယ်။ ခုချိန်မှာတော့ တောင်ပေါ်က ထွက်ရှိလာတဲ့ ပြောင်းတွေ နေ့စဉ်ဝင်ရောက်နေပြီး အခြားကုန်စိမ်းသီးနှံတွေကဲ့သို့ အရောင်းအဝယ် ကောင်းနေပါတယ်” ဟု ၎င်းကပြောသည်။ 

အဆိုပါ ပြောင်းများသည် လက်ရှိအချိန်တွင် မန္တလေးဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်များကောင်းကာ ဈေးကောင်းများရရှိနေကြောင်း၊ ယင်းကုန်စိမ်းဈေးကို နံနက် ၄ နာရီမှ ည ၈ နာရီအထိဖွင့်လှစ်ကာ ဈေးဝယ်သူပြည်သူများကို ရောင်းချပေးလျက်ရှိနေကြောင်း သိရသည်။

မောင်အေးချမ်း