တောင်သားလူမျိုးများ ဒုတိယအကြိမ်တွေ့ဆုံပွဲ ထီးလင်းမြို့နယ် ဝက်သက်ရွာတွင် ကျင်းပ

ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ စေတုတ္တရာ၊ မင်းတပ် မြို့နယ်များတွင် နေထိုင်ကြသည့် တောင်သားလူမျိုးများ ဒုတိယအကြိမ်တွေ့ဆုံပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက် က ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ဝက်သက်ရွာ ရွှေဘုံသာစေတီတော်အနီးတွင်ပြုလုပ်ရာ  မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ က အမှာစကားပြော ကြားသည်။ 

 

ထို့နောက် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလှထွန်း၊ တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဦးတို့က တွေ့ဆုံပွဲနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် အသီးသီးတင်ပြ ရှင်းလင်းကြသည်။ 

 

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လေးဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်အောင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်တို့နှင့် တောင်သားလူမျိုးစုကော်မတီဝင်များ၊ ပြည်သူများတက်ရောက် ကြသည်။ 

 

“ တွေ့ဆုံပွဲကို ၂၀၁၇ မှာ ပထမအကြိမ် ဝက်သက်ရွာမှာပဲ ပြုလုပ်နိုင်ခဲ့ပါတယ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုငွေကို မတည်ကြပြီးတော့ အလှူ့ရှင်များ စေတနာရှင်များရဲ့အားနဲ့ ဆောင်ရွက်နိုင်ခဲ့တာပါ၊ အခုတွေ့ဆုံပွဲက ဒုတိယအကြိမ်ပါ၊ အားလုံးက ဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းအရင်းတွေဆိုတော့ တွေ့ရဆုံရတာ အားလုံးပျော်ရွှင်ကြပါတယ်၊ ရင်းနှီးကျွမ်းဝင်မှုပိုစေပါတယ်၊ နောင်နှစ်တွေမှာလည်း တွေ့ဆုံပွဲကို ဆက်လက်လုပ်ဆောင်နိုင်အောင် ကြိုးစားကြပါမယ် ” ဟု တောင်သားလူမျိုးစုကော်မတီ အတွင်းရေးမှူး ဦးမျိုးနိုင် က ပြောသည်။ 

 

တောင်သားလူမျိုးများသည် ပုပ္ပါးအရပ်ဒေသမှ ပြောင်းရွှေ့လာကြသည့် ပျူလူမျိုးနွယ်စုများဖြစ်ကြောင်း ယုံကြည်ကြကာ ပြောင်းရွှေ့နေထိုင်ရာ အရပ်ဒေသအလိုက် ဝတ်စားဆင်ယင်မှု၊ စကားပြောဆိုမှုတို့ ကွဲပြားခဲ့ခြင်းဖြစ်ကြောင်းနှင့် တွေ့ဆုံပွဲသို့ အင်အား ၂၀၀၀ ကျော် တက်ရောက်ကြကြောင်း သိရသည်။ 

 

မြို့နယ်ပြန်/ဆက်