တောင်သူများကိုယ်တိုင်ပါဝင်သော အလားအလာကောင်းသည့် ယာစပါးမျိုး ရွေးချယ်ခြင်း၊ ယာသီးနှံများအတွက် ရေလိုအပ်ချက်နှင့် ရေပေးသွင်းစနစ်များ ဆွေးနွေးပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၉

တောင်သူများ ကိုယ်တိုင်ပါဝင်သော အလားအလာကောင်းသည့် မြေပြန့်နှင့် တောင် ပေါ်ကုန်းမြင့် ယာစပါးမျိုး မွေးမြူရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်း၌ကျင်းပသည်။

အခမ်းအနားသို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာတင်ထွဋ်၊ ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်အားပေးကြပြီး တောင်သူများနှင့်အတူ စိတ်ကြိုက်မျိုးရွေးချယ်ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးများသည် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာအခက်အခဲများ ဖြေရှင်းပေးရာတွင် ပိုမိုထိရောက်စွာ ‌ဆောင်ရွက်နိုင်ရေး အတွက် သုတေသီများ၊ ပညာရှင်များ၊ စိုက်ပျိုးပညာပေး တာဝန်ရှိသူများနှင့် တောင်သူများ အကြား နီးကပ်စွာ ဆွေးနွေးအဖြေရှာ ဖော်ထုတ်ပေးနိုင်ရန် အပတ်စဥ် စနေနေ့တိုင်း ကျင်းပပြုလုပ်သည့် (၆)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Forum) သို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဒေသရာသီဥတုနှင့်ကိုက်ညီပြီး မြေအမျိုးအစားပေါ်မူတည်၍ သီးနှံပုံစံများ ပြောင်လဲစိုက်ပျိုးနိုင်ရေး၊ ရာသီဥတုပြောင်းလဲ သက်ရောက်လာမှုကြောင့် စိုက်ပျိုးရေ ရှားပါးလာသဖြင့် ရေခက်ခဲသည့် ဒေသများတွင် လယ်စပါးစိုက်ပျိုးမှုမှ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသည့် အထွက်ကောင်း ယာစပါးများ ပြောင်းလဲစိုက်ပျိုးနိုင်ရန် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော လက် တွေ့အသုံးချ သုတေသနများဆောင်ရွက်သင့် ကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းမှုများတွင် ကြုံတွေ့လာရသည့် စိန်ခေါ်မှုများအပေါ် အောင်မြင်စွာ ကျော်ဖြတ်နိုင် ရန် သက်ဆိုင်ရာဌာနများနှင့် တောင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုသည် ပဓာနကျသော လုပ်ငန်းရပ်ဖြစ်သည်ကို သတိပြုကြပြီး လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က တောင်သူများ တွက်ချေကိုက် ဝင်ငွေရပြီး စိုက်ပျိုးရေ အနည်းငယ်သာလိုအပ်သည့် သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး အတွက် ‌ရေအသုံးချသူများအဖွဲ့ (WUG)များအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လို ကြောင်း၊ ‌ရေကူနိုင်သော နည်းလမ်းပေါင်းစုံနှင့် စိုက်ပျိုးအသုံးပြုပြီးသော ရေများကို ရေထုတ်မြောင်းများ၊ ရိုးများမှအဆင့်ဆင့် ပြန်လည်အသုံးပြုနိုင်ရန် နည်းလမ်းများအား ရှာဖွေဖော် ထုတ်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Forum) ကို ဆက်လက် ကျင်းပရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနတို့မှ ပညာရှင်များက ယာသီးနှံများအတွက် ရေလိုအပ်ချက်နှင့် ရေပေးသွင်း စနစ် များ၊ စိုက်ပျိုးရေလိုအပ်ချက် စိန်ခေါ်မှုများနှင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များကိုတင်ပြကြပြီး တောင်သူများနှင့် အပြန်အလှန် နှီးနှောဖလှယ် ဆွေးနွေးခဲ့ကြသည်။

ရာသီဥတုပြောင်းလဲလာမှုကြောင့် ရေခက်ခဲသည့်ဒေသများတွင် လယ်စပါးစိုက်ပျိုးခြင်းမှ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသည့် ရေအနည်းငယ်သာလိုအပ်သော အထွက် ကောင်း ယာစပါးမျိုးများ အစားထိုးစိုက်ပျိုးနိုင်ရန်၊ ယာသီးနှံများအတွက် ရေလိုအပ်ချက်နှင့် ရေပေးသွင်းစနစ်များကို တောင်သူများ သိရှိလိုက်နာ ကျင့်သုံးနိုင်ကြစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်