တောင်တွင်းကြီးမြို့နယ်တွင် ရွေ့လျားယာဉ်ဖြင့် ကျေးရွာများသို့ကွင်းဆင်းပြီး ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

တောင်တွင်းကြီး၊ စက်တင်ဘာ ၁

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်  ထိန်းချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းကာရွေ့လျားယာဉ်ဖြင့် အခမဲ့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေး RDT (Test Kits) ဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရွေ့လျားစစ်ဆေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာသို့ ကျေးရွာများရှိ အနံ့မရှိသူနှင့် ဖျားနာနေသူ (၂၅၈)ဦး လာရောက်စစ်ဆေးမှုခံယူခဲ့ရာ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရောဂါပိုးရှိ/မရှိ RDT (Test Kits) ဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ (၁၁)ဦး ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန် (၂၄၇)ဦးမှာ ရောဂါပိုးမတွေ့ရှိရကြောင်း သိရပြီး ပိုးတွေ့လူနာ(၁၁)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသမူခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ကျေးရွာနေပြည်သူများအား ရွေ့လျားယာဉ်ဖြင့် ရောဂါရှာဖွေစစ်ဆေး ဆောင်ရွက်ပေးနေမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအန္တရာယ်အား ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းကို ကျန်ရှိသည့်ကျေးရွာများကိုလည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးစစ်ဆေးလိုသော ပြည်သူများအနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ လာရောက်စစ်ဆေးမှုခံယူနိုင်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဆန်းအောင်ထွေးထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)