တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “မန်” (Mun)သည် တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်းကို ဖြတ်ကျော်လျက်ရှိ

နေပြည်တော်  ၃ ဇူလိုင်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင် ၃ ရက် နံနက် ၇ နာရီထုတ်ပြန်သည့် မိုးလေဝသ သတင်းအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်။

ယနေ့ညနေအထိခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ထူးခြားသည့်အခြေအနေ

ယနေ့မြန်မာစံတော်ချိန် (ဝ၆:၃၀) နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “မန် (Mun)သည် တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်း (Hainan) ကို ဖြတ်ကျော်လျက်ရှိပြီး၊ အနောက်ဘက်သို့ရွေ့လျားကာ ဗီယက်နမ်နိုင်ငံအထက်ပိုင်းဒေသများနှင့် တရုတ်နိုင်ငံကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရသည်။

မြန်မာ့ပင်လယ်ပြင်

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်သည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်သည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်အနေဖြင့် မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

MDN