တောင်ဥက္ကလာပမြို့နယ်၌ လည်ပင်းအား ဓားထောက်၍ ခြောက်လှန့် တောင်းခံသူများအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် ၆ ဇူလိုင် 


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ရပ်ကွက်နေ ကိုကျော်ဇောသည် ဇူလိုင် ၂ ရက် နံနက် ၂ နာရီက နေအိမ်သို့ပြန်ရန်၊ (၁၁)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် မေတ္တာလမ်းထောင့်တွင် အငှားယာဉ်(၁)စီးအား ငွေကျပ် ၂ဝဝဝ ဖြင့် ငှားရမ်းခဲ့ရာ ယာဉ်ရှေ့ခန်းတွင် ယာဉ်မောင်း ၁ ဦး၊ ဘေးတွင် လူငယ် ၁ ဦးတို့အား တွေ့ရှိရပြီး လိုက်ပါလာခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးရှေ့အရောက်၌ နောက်ခန်းနှင့် တစ်ဆက်တည်းရှိ ယာဉ်နောက်ဖုံးအတွင်းမှ ပုန်း၍လိုက်ပါလာသူ လူငယ် ၂ ဦးက ကိုကျော်ဇော၏ လည်ပင်းအား နောက်မှနေ၍ ဓားမြှောင်ဖြင့်ထောက်ကာ ပစ္စည်းများထုတ်ပေးရန် ခြိမ်းခြောက်ပြောဆိုသဖြင့် ကြောက်လန့်၍ ဘောင်းဘီအိတ်အတွင်းမှငွေကျပ် (၃၀ဝ၀ဝ၀)အား ထုတ်ပေးခဲ့ကြောင်း။ 


ထို့နောက် အဆိုပါ လူငယ်(၂)ဦးမှ ဖုန်းနှင့် နာရီအားပေးရန် ထပ်မံပြောဆိုကာ SAMSUNG S3 GEER အမျိုးအစားနာရီ (တန်ဖိုးငွေကျပ် ၆၀ဝ၀ဝ၀)နှင့် SAMSUNG S9 အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံး (တန်ဖိုးငွေကျပ် ၁၄၀ဝ၀ဝ၀) စုစုပေါင်းတန်ဖိုးငွေကျပ် ၂၃ဝဝဝဝဝ တို့အား လုယူခဲ့ကြောင်း၊ ယာဉ်မောင်းမှ ယာဉ်အားရပ်တန့်ပေးခြင်းမရှိဘဲ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ကြီးပွားရေးရပ်ကွက်၊ ပန်းဈေးတန်းမရောက်မီ လမ်းဘေးတွင် ကိုကျော်ဇောအား ယာဉ်ပေါ်မှတွန်းချခဲ့ပြီး ယာဉ်အား မောင်းနှင်ထွက်ပြေးခဲ့ကြောင်း ၄င်းမှ ဇူလိုင် ၅ ရက်တွင် အရေးယူပေးရန် တိုင်တန်း၍ သုဝဏ္ဏနယ်မြေရဲစခန်း(ပ) ၅၇၂/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၁၄ ဖြင့် အမှုရေးဖွင့်ပြီး တပ်ဖွဲ့ဝင်များမှ အမှုနှင့်ပတ်သက်၍ ကွင်းဆက်မပြတ် စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ရာ တရားခံများဖြစ်သော ဒဂုံတောင်မြို့နယ်၊ (၆၅)ရပ်ကွက်နေ ဇေယျာမျိုးမောင်၊ (၂၃)ရပ်ကွက်နေ အတာ(ခ)ဘိုဖုချို (၂၆)ရပ်ကွက်နေ တိုးတိုးအောင် (ခ) ဇော်အောင် (ခ) တိုးကြီးနှင့် မျိုးသက်တို့အား ဖမ်းဆီးရမိ၍ သုဝဏ္ဏနယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


ရဲပြန်ကြား