တောင်ဥက္ကလာပနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂

တောင်ဥက္ကလာပနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီတွင် တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်၊ သရေခေတ္တရာ လမ်းရှိ အောင်ထွန်းလင်း(ခ)အန်းတိတ် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅,၄၀၀ နှင့် ဆေးခြောက် ၁ ကီလိုကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲမြို့ရှောင်လမ်းတွင် မောင်ဂျင် မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်