တောသူတို့ရဲ့ နှစ်ကျပ်ခွဲရွာ

မြင့်စိုး(နတလ)

 

နှစ်ကျပ်ခွဲရွာဆိုသည်မှ
သူ၏နာမည်ရင်းက ဇင်မာဖြစ်သည်။ ကျွန်တော် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ တာဝန်ထမ်းဆောင်နေစဉ် အငယ်တန်းစာရေးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသော ၅၇ ယောက်ထဲမှ တစ်ဦးဖြစ်၏။ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဖဖရ (တောင်ကြီး)တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။ သူ၏ ဖေ့စ်ဘွတ်အကောင့်ကို တောသူအမည်နှင့် ဖွင့်ထားသောကြောင့် နာမည်ရင်းကို မခေါ်ဖြစ်တော့ဘဲ တောသူလို့သာ နှုတ်ကျိုးနေတော့သည်။ နှစ်ကျပ်ခွဲရွာ ဆိုတာကတော့ တောသူတို့၏ ရွာအမည်အမှန်ပင်ဖြစ်၏။ ပေါ့သေးသေးရွာတော့မဟုတ်၊ အိမ်ခြေ ၁၀ဝဝ ကျော်ရှိသောရွာကြီး၊ ရှေးပဝေသဏီက ဤမျှမကရှိချင်လည်း ရှိနေဦးမည်။ သမိုင်းနှင့် ရာဇဝင်နှင့် အမည်တွင် လာခဲ့သော ရွာပေမို့ ကျွန်တော် ဤသို့သညာပြုလိုက်ခြင်း ဖြစ်ပါသည်။ တည်နေရာကမူ ကျောက်ပန်းတောင်းမြို့နှင့် သိပ်ပြီး မဝေးလှ၊ လေးမိုင်ခန့်သာ အလှမ်းကွာပါသည်။ ရွာအမည်တွင် လာပုံကိုတော့ ပုဂံခေတ်က အစပြုရပါလိမ့်မည်။

ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးသည် ထောင်သောင်းမကသော စစ်သည်ဗိုလ်ပါရဲမက်များနှင့် တိုင်းခန်းလှည့်လည် လာစဉ် ဤဒေသသို့ ရောက်ရှိလာခဲ့ပြီး သတ္တဝါအပေါင်းတို့ သောက်သုံးနိုင်စိမ့်သောငှာ ရေကန်ကြီးတစ်ကန်ကို တူးဖော်စေ ခဲ့သည်။ ထိုသို့တူးဖော်ရာ၌ စစ်သည်ဗိုလ်ပါ အင်အားများပြားလှသောကြောင့် တစ်ဦးလျှင်ရွှံ့နှင့် သဲမြေ နှစ်ကျပ်ခွဲသားစီ လောက်သာ တူးဖော်ရုံမျှဖြင့် ကန်ဆည်ခြင်းအမှုကိစ္စ ပြီးမြောက်ခဲ့ရသည်ဆို၏။ ထိုရေကန်ကြီးကို နှစ်ကျပ်ခွဲကန်ဟု အမည်ပေးခဲ့သည်။ နှစ်ကျပ်ခွဲကန်ကို အစွဲပြု၍ နှစ်ကျပ်ခွဲရွာ အမည်တွင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ရွာ၏ တောင်ဘက်တွင် ပိဿာကန်ဟုခေါ်သည့် ရေကန်တစ်ကန်လည်းရှိသေးသည်။ စစ်သည်ရဲမက်တစ်ဦးလျှင် တစ်ပိဿာ စီမျှသာ ရွှံ့၊ သဲများကို တူးဖော်ဆယ်ယူရင်း ကန်ဖြစ်လာသောကြောင့် ပိဿာကန်ဟု ခေါ်ခြင်းဖြစ်ပါသည်။ သီပေါ မင်းလက်ထက်တွင် နှစ်ကျပ်ခွဲရွာ(ခေါ်) တောင်ကုန်းရွာအပြင်၊ အလယ်ကုန်းရွာ၊ မြောက်ကုန်းရွာတို့လည်း ပေါ်ပေါက်လာခဲ့ သည်။ သီပေါမင်းပါတော်မူပြီးနောက် နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်ရာ၌ နှစ်ကျပ်ခွဲရွာမှ ဗိုလ်ရွှေမှတ်နှင့် ဗိုလ်ငှက်ကြီး၊ ကျွန်းခင်းကြီးကျေးရွာမှ ဗိုလ်လှကျော်၊ မြစ်အနောက်ဘက်မှ လာရောက်ပူးပေါင်းခဲ့သော ဗိုလ်ခံသီးတို့ ပါဝင်ထင်ရှားခဲ့သည်။ နယ်ချဲ့တို့က တော်လှန်ရေးခေါင်းဆောင်များအား နှိမ်နင်းရာတွင် မြောက်ကုန်းရွာ၊ အလယ်ကုန်းရွာ၊ နှစ်ကျပ်ခွဲရွာတို့ကို တငါ့ကန် အုပ်စုဘက်သို့ ရွှေ့ပြောင်းနေထိုင်စေခဲ့၏။ နောင်မှ မိမိတို့ မူလရွာများသို ပြန်လည်နေထိုင်ခွင့်ပြုခဲ့ရာ မပြန်ကြတော့ဘဲ နှစ်ကျပ်ခွဲရေကန်၏ တောင်ဘက်တွင် တစုတရုံးတည်း စုပေါင်းနေထိုင်လာခဲ့ကြခြင်း ဖြစ်ကြောင်း၊ နှစ်ကျပ်ခွဲရွာကို ၁၂၅၅ ခုနှစ်တွင်အိမ်ခြေ ၇၅ လုံးဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိခွင့်ရခဲ့ပါသည်။ နှစ်ကျပ်ခွဲရွာ သည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကျောက်ပန်းတောင်းမြို့၏ မြောက်ဘက် လေးမိုင်အကွာ ပုပ္ပားတောင်၏ အနောက်စူးစူး ငါးမိုင်ခန့်အကွာတွင် အေးချမ်းသာယာစွာ တည်ရှိနေသော ရွာကြီးတစ်ရွာ ဖြစ်လို့နေပါပြီ။

နှစ်ကျပ်ခွဲရွာက သိမ်တော်ဘုရား
မှတ်မှတ်ရရ ပြန်တွက်ကြည့်လိုက်သောအခါ သိမ်တော်ဘုရားကို ကျွန်တော် စတင်ဖူးမြော်ခွင့်ရခဲ့သော အချိန်ကာလမှာ လွန်ခဲ့သော ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ဖြစ်သည်။ ဇူလိုင်လ ၂၅ ရက်နေ့ သက်ပြည့်ပင်စင် ယူလိုက်ပြီဖြစ်သောကြောင့် ပုဂံဘုရားများအား သွားရောက်ဖူးမြော်ပြီး နောက်တစ်နေ့မှာ ကျောက်ပန်းတောင်း၊ ပုပ္ပားဘက်သို့ ကူးခဲ့ခြင်း ဖြစ်၏။ ၂၀၁၉ ခုနှစ် ဧပြီလထဲမှာ တစ်ကြိမ်ရောက်ရှိခဲ့သေးသည်။ ယခု ဇူလိုင်လ ၂၁ ရက်နေ့မှာ တစ်ကြိမ် ထပ်မံရောက်ရှိဖူးမြော်ခဲ့၏။ သို့ဖြစ်ပေရာ တစ်နှစ်သောအချိန်ကာလ အတွင်းမှာပင် သိမ်တော်ဘုရားကို ကျွန်တော်သုံးကြိမ်မြောက် ဖူးမြော်ခွင့်ကြုံခဲ့ပါပြီ။

သိမ်တော်ဘုရားသည် ရွာ၏အနောက်တောင်ဘက်တွင်တည်ရှိနေကာ အလောင်းစည်သူမင်း တည်ထားကိုးကွယ်ခဲ့သည်။ ရှင်အရဟံအမှူးပြုသော သံဃာတော်အပါး ၅၀ဝ တို့ဖြင့် သိမ်သမုတ်ခဲ့သည်ဟူ၍ ဘိုးဘေး ဘီဘင်အဆက်ဆက် မှတ်ယူ လာခဲ့ကြပြီး သမိုင်းအထောက်အထား မှန်ကန်မှုရှိစေရန် ပေစာကျောက်စာများမှတစ်ဆင့် လေ့လာရှာဖွေပြုစုရန် လိုသေးကြောင်း ကိုလည်း နှစ်ကျပ်ခွဲရွာမှ ရှေးမီနောက်မီ ဦးလေးချစ်ဖေက ကျွန်တော့်ကိုရှင်းပြဖူးသည်။ ဦးလေးချစ်ဖေသည် အင်္ဂလိပ်-မြန်မာ ကိုးတန်းအောင်ခဲ့သူဖြစ်၍ ခေသူမဟုတ်သည့်အထဲတွင် ပါဝင်သည်။ သိမ်တော်ဘုရားသည် ဉာဏ်တော်အမြင့် ၃၄ ပေ ၄ လက်မ၊ အုတ်ဖိနပ်တော် အလျား ၁၇ ပေ ၄ လက်မ၊ ဘုရားထီးတော်အမြင့် ၉ ပေ ၉ လက်မရှိသည်။ ပထမထီးတော်ဟောင်းနွမ်း ပျက်စီး၍ ဒုတိယထီးတော်ကို ပဲခူးမြို့မှ ဆရာတော်ကြီး ဦးညေးယျ လာရောက် ကြီးကြပ်တင်လှူခဲ့ချိန်တွင် ဆရာတော်ကြီးက ဘုရားငြမ်းပေါ်သို့ ကိုယ်တိုင်တက်သွားပြီး ကြာလန်ကြာမှောက်နေရာကိုဖက်၍ ကိုင်လှုပ်ခဲ့ရာ ထီးတော်၏ ဆည်းလည်းများ သာယာစွာ လှုပ်ခတ်မြည်ကြသည့်အပြင် ဘုရားဖောင်းရစ်တော်မှ အောက်ခြေ ပစ္စယံအထိ တုန်လှုပ်သွားခဲ့သည်ကို စတင်ဖူးတွေ့ကြရခြင်းဖြစ်သည်ဟု ဦးလေးချစ်ဖေထံမှ သိရသည်။

သိမ်တော်ဘုရား၏ ထူးခြားချက်ကိုးမျိုး
သိမ်တော်ဘုရားသည် အထက်ပါကဲ့သို့ကြာလန်ကြာမှောက်နေရာမှ ကိုင်လှုပ်လျှင်ဘုရား၏ ထီးတော်မှသည် အောက်ခြေ ပစ္စယံအထိ တုန်လှုပ်သည်ကို ဖူးတွေ့ရခြင်း၊ သိမ်သုံးထပ်တည်ရှိခြင်း၊ ဘုရား၏ အရှေ့တောင်ထောင့်တွင် ခြင်္သေ့ တစ်ကောင်တည်းသာ တည်ရှိခြင်း၊ ဘုရား၏ အရှေ့မြောက်ဘက်တွင်လည်း ဘုရားဘက်သို့ မျက်နှာမူနေသော ဆင်တစ်ကောင် တည်းသာရှိနေခြင်း၊ နှစ်ကျပ်ခွဲရွာတွင် ဆိပ်ဖလူးပင် တစ်ပင်တည်းသာရှိပြီး ထိုတစ်ပင်တည်းသော ဆိပ်ဖလူးပင်သည် ဘုရား၏အနောက်ဘက် တံတိုင်းအခြေ၌တည်ရှိကာ ဘိုးဘွားများလက်ထက်မှ ယနေ့အချိန်အထိ မကြီးမငယ်အရွယ်ဖြင့် အရွယ်အစား မပြောင်းဘဲတည်ရှိနေခြင်း၊ ဘုရားအနောက်မြောက်ဘက်ရှိ ညောင်ပင်မှ ညောင်ကိုင်း များသည် ဘုရားအုတ်တံတိုင်းအတွင်းသို့ မရောက်လာဘဲ ရောက်ရှိလာပါကလည်း ခြောက်သွေ့ညှိုးနွမ်းသွားတတ်ခြင်း၊ ဘုရားဝင်းအတွင်းရှိ ညောင်ပင်များမှ ညောင်ထောက်များသည် သစ်တံခါးပုံသဏ္ဌာန် တည်ရှိခြင်း၊ ဘုရားရှေ့ရှိ သိမ်တန်ဆောင်းအတွင်းသို့ ရှေးအစဉ်အလာကတည်းက အမျိုးသမီးများ တက်ရောက်နေထိုင်မှုမပြုဘဲ ရှောင်ကြဉ်ကြခြင်း၊ ဝါတွင်းကာလ လပြည့်၊ လကွယ်နေ့များ၌ ဘုရားတွင် ရွာလုံးကျွတ် ဆွမ်းကပ်လှူကြပြီး အနီးအနားကျေးရွာများမှ ကြွရောက်လာသော သံဃာတော်များအား ဆွမ်းလောင်းလှူခြင်းတို့ ဖြစ်ပါသည်။

သိမ်တော်ဘုရားဟုသာ ခေါ်တွင်စေလို
၂၀၁၆ ခုနှစ် ငလျင်မလှုပ်မီ ကာလအထိ ဘုရား၏ထီးတော်ကိုလှုပ်၍ ဖူးမြော်ကြည်ညို နိုင်ခဲ့ကြသော်လည်း ငလျင်လှုပ်သွားပြီး နောက်ပိုင်း ရေရှည်တည်တံ့မှုကိုရှေးရှု၍ ထီးလှုပ်ခြင်းကို တားမြစ်ထားပြီး ဖြစ်ပါသည်။ ခရီးသွားအဖွဲ့များက အများပြည်သူ သွားရောက်ဖူးမြော် ကြည်ညိုနိုင်စေရန်အတွက် ကြော်ငြာများတွင် ထီးလှုပ်ဘုရား၊ ထီးတော်ရှင်ဘုရားဟု ဖော်ပြ ပေးခဲ့ကြသောကြောင့် ထိုအမည် နာမတော်များဖြင့်လည်း လူသိများ ထင်ရှားလျက်ရှိကြောင်း သိရသည်။ ရှေးမီနောက်မီ ဒေသခံဘိုးဘွားများနှင့် ရွာသူရွာသားများကမူ ဘုရား၏ မူလဘွဲ့တော်အတိုင်း သိမ်တော်ဘုရားဟုသာ ခေါ်တွင်စေ လိုသည့်ဆန္ဒရှိကြပါသည်။ နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း သိမ်တော်ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြကြောင်းလည်း သိရသည်။

မီးလင်း၍ လမ်းသာသောနှစ်ကျပ်ခွဲရွာ
နှစ်ကျပ်ခွဲရွာ၏ အားသာချက်မှာ ကျောက်ပန်းတောင်းမြို့မှ သွယ်တန်းပေးထားသော မဟာဓာတ်အားလိုင်း လျှပ်စစ်မီးကို၂၄ နာရီ ရရှိနေခြင်းပင် ဖြစ်သည်။ ၎င်းအပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖောက်လုပ်ပေးထားသော ကျောက်ပန်းတောင်း-ဗျတ္တပန်းဆက်လမ်း ၁၀ မိုင်သည် နှစ်ကျပ်ခွဲရွာလယ်မှ ဖြတ်သွားခြင်းဖြစ်ပြီး ယခုအခါ နှစ်မိုင်ခန့် ကတ္တရာခင်းပြီး ဖြစ်ကြောင်းလည်း တွေ့ခဲ့ရသည်။ ပဲ၊ ပြောင်း၊ နှမ်း စိုက်ပျိုးရေးလုပ်ငန်းများလည်း ဖြစ်ထွန်းအောင်မြင်ကြ ပါသည်။ အိမ်ခြေ ၁၀ဝဝ ကျော်လူဦးရေအားဖြင့် ၆၀ဝဝ ကျော်နေထိုင်လျက်ရှိသော အဆိုပါ နှစ်ကျပ်ခွဲရွာကြီးအတွက် အားမလို အားမရဖြစ်မိတာ တစ်ခုပဲရှိပါသည်။ အခြေခံပညာ အလယ်တန်းကျောင်း (ကျောင်းခွဲ)အဆင့်သာ ဖွင့်လှစ်သင်ကြား ပေးနိုင်သေးကြောင်း တွေ့ရ၏။ မိမိဇာတိမြေ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် လှော်ကထား (အထက)ကတော့ စာစစ်ဌာနပါ ရနေတာကြာပြီဖြစ်သည့်အပြင် တက္ကသိုလ်ဝင်စာမေးပွဲမှာ ခြောက်ဘာသာ ဂုဏ်ထူးရှင်၊ ဝိဇ္ဇာဘာသာတွဲမှာ လေးဘာသာ ဂုဏ်ထူးဖြင့် တစ်နိုင်ငံလုံးအဆင့်(၄) ရခဲ့သူတွေပေါ်ထွန်းခဲ့ပြီမို့ တောသူတို့ နှစ်ကျပ်ခွဲရွာ၏ ပညာရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဖော်ဆောင်ကြရန် မေတ္တာစေတနာ အရင်းခံဖြင့် တိုက်တွန်းခဲ့ပါသည်။   ။