တီဘီရောဂါဖြစ်ပွားမှု မပျက်မကွက်သတင်းပေးပို့ခြင်းဆိုင်ရာ အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနား မိုင်းပန်မြို့တွင်ကျင်းပ

မိုင်းပန်  ၄ နိုဝင်ဘာ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမအတွင်းတွင် တီဘီရောဂါဖြစ်ပွားမှု မပျက်မကွက် သတင်းပေးပို့ခြင်းဆိုင်ရာ အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် (၁ဝ) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်ခိုင်မှ “တီဘီရောဂါဖြစ်ပွားမှု မပျက်မကွက် သတင်းပေးပို့ခြင်း” ဆိုင်ရာ အကြောင်းအရာများကို အသိပေးဆွေးနွေးတင်ပြရာ မိုင်းပန်မြို့နယ်အတွင်း၌ တီဘီရောဂါဖြစ်ပွားမှု၊ ကုသမှုခံယူမှုများနှင့်ပတ်သက်သည့် အချက်အလက်များအား  ဦးစွာရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တီဘီပိုးရှိသူနှင့် အတူနေမိသားစုများ၊ ခုခံအားကျဆင်းနေသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ၊ ဆီးချိုရောဂါရှိသူများနှင့် အာဟာရချို့တဲ့သူများအနေဖြင့် တီဘီရောဂါပိုး ပို၍ကူးခက်ခံရနိုင်ကြောင်း၊ မွေးကင်းစ ၂ လသားအရွယ်ကလေးငယ်မှစ၍ တီဘီရောဂါကာကွယ်ဆေး ထိုးပေး၍ ကာကွယ်နိုင်ကြောင်း၊ ပြည်သူလူထုအနေဖြင့် လူထူထပ်သည့်နေရာများသို့ သွားရောက်ရာတွင် နှာခေါင်းစည်းတပ်ဆင် အသုံးပြုခြင်းဖြင့် ကာကွယ်နိုင်ကြောင်း၊ မိမိတို့ ကျန်းမာရေးဌာနအနေဖြင့် သလိပ်စစ်ဆေးပေးခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ပေးခြင်း၊ လိုအပ်ပါက ပြည်နယ် ကျန်းမာရေးရုံးမှ တီဘီရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်၍ ရောဂါရှာဖွေကုသမှုများ ဆောင်ရွက်ပေးလျက်ကြောင်း၊ ပြည်နယ်ကျန်းမာရေးဌာနမှလည်း Mobile Team ဖြင့် တီဘီရောဂါ‌ရှာဖွေကုသခြင်းလုပ်ငန်းများကို နှစ်စဉ်ပြုလုပ်ပေးလျက်ရှိရာ ယခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်းတွင်လည်း လာရောက်၍ ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လေထဲမှတစ်ဆင့် ပြည်သူလူထုကို ကူးစက်နိုင်သော ရောဂါဖြစ်သောကြောင့် ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ခြင်း၊ တီဘီသံသယလူနာများတွေ့ရှိပါက ရှာဖွေဖော်ထုတ်လွှဲပြောင်းပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း ကူညီလုပ်ဆောင်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသူများမှ “တီဘီရောဂါဖြစ်ပွားမှု မပျက်မကွက် သတင်းပေးပို့ခြင်း” ဆိုင်ရာ အသိပေးရှင်းလင်းတင်ပြခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များအား ဆွေးနွေးမေးမြန်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်ကွက်/ကျေးရွာအတွင်းရှိ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကိုဆန်း (မိုင်းပန်)

 

2019-11-04 11.15.18 2