တီဟီရန်အနီးတွင် စက်မှုလုပ်ငန်းသုံး ဓာတ်ငွေ့သိုလှောင်ကန် ပေါက်ကွဲမှုကြီး ဖြစ်ပွား

၂၆ ဇွန်

 

 

အီရန်နိုင်ငံ တီဟီရန်မြို့တော် အနီးတွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်ဟု  အီရန်မီဒီယာက ဆိုသည်။ ထိုဒေသတွင် စစ်ဘက်ဆိုင်ရာ အဆောက်အဦတစ်လုံး ရှိသော်လည်း ၎င်းပေါက်ကွဲမှုသည် စက်မှုလုပ်ငန်းသုံး ဓာတ်ငွေ့သိုလှောင်ကန် ပေါက်ကွဲမှုတစ်ခု ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြား က ပြောကြားခဲ့သည်။

 

 

ယနေ့အစောပိုင်းက ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦး ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားက ယင်းပေါက်ကွဲမှုသည် စစ်တပ်အဆောက်အဦရှိရာ အများပြည်သူနှင့် သက်ဆိုင်သော ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု  ပြောကြားသည်။

 

 

အဆိုပါ ပေါက်ကွဲမှုကြောင့် တီဟီရန်မြို့ပေါ်ရှိ ကောင်းကင်ယံတွင် အဝါရောင် မီးတောက်ကြီး ဖြစ်ပေါ်နေပုံ ရိုက်ကူးထားသည့် ဗွီဒီယိုကို လူမှုမီဒီယာတွင် တင်ထားသည်။

 

 

ယင်းဒေသရှိ စစ်ဘက်ဆိုင်ရာ အဆောက်အဦသည် နျူကလီးယား လက်နက်များ တည်ဆောက်ပြုပြင်မှု လုပ်ဆောင်ရာတွင် ပါဝင်နေသည်ဟု အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီက သံသယရှိနေမှုကို အီရန်က ငြင်းဆိုထားသည်။

 

 

ထိုပေါက်ကွဲမှုနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အဦအကြား ဆက်နွှယ်မှုမရှိကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူ က ဆိုသည်။

 

 

ပေါက်ကွဲမှုတွင် သေဆုံးသူမရှိကြောင်းနှင့် မီးငြိမ်းသွားပြီ ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက ပြောကြားသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို