ဟားခါး ဇွန် ၁

 

၂၀၂၆−၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့မှစ၍ နိုင်ငံတစ်ဝန်း စတင်ဖွင့်လှစ်ခဲ့ရာ ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌လည်း ကျောင်းသင်ခန်းစာများ စတင်သင်ကြားပေးလျက်ရှိသည်။

 

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးနှင့် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့သည် ယနေ့နံနက် ၁၀ နာရီတွင် တီးတိန်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းစတင်ဖွင့်လှစ်၍ စာစတင်သင်ကြားပေးနေမှုအခြေအနေကို သွားရောက် ကြည့်ရှုအားပေးပြီး နိုင်ငံတော်မှ ထောက်ပံ့သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ပေးအပ်သည်။

 

တီးတိန်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ ၇၈၂၅ စုံ၊ ဗလာစာအုပ် ၁၂၄၅၇ ဒါဇင်၊ ဘောပင် / ခဲတံ ၃၄၇၂ ဒါဇင်နှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို မြို့နယ်ပညာရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး တီးတိန်မြို့နယ်တွင် ယနေ့အထိ KG မှ Grade-12 အထိ ကျောင်းသား ကျောင်းသူ ၁၀၄၅၇ ဦးနှင့် တွန်းဇံမြို့နယ်တွင် ၁၇၀၆ ဦး တီးတိန်ခရိုင်အတွင်း စုစုပေါင်း ၁၂၁၆၃ ဦး ကျောင်းအပ်နှံလက်ခံကာ ပညာသင်ကြားလျက်ရှိကြောင်း တီးတိန်ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)