တိကျစွာလိုက်နာ ပုံမှန်အတိုင်းလုပ်ဆောင်

ကမ္ဘာတစ်ဝန်းရင်ဆိုင်ကြုံတွေ့နေဆဲဖြစ်သော ကိုဗစ် - ၁၉ ရောဂါကို ထိန်းချုပ်ထားနိုင်ပြီဟု မည်သည့်နိုင်ငံမျှ အခိုင်အမာအတိအလင်း ထုတ်ဖော် ပြောကြားနိုင်ခြင်းမရှိသေးချေ။ အချို့နိုင်ငံ၌ အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခြင်းမှာ ချမှတ်ထားသည့်လမ်းညွှန်ချက်များကို တိတိ ကျကျလိုက်နာနိုင်သောကြောင့်ဖြစ်ပြီး တစ်စုံတစ်ရာချိုးဖောက်၊ လစ်ဟင်း ပေါ့ဆလိုက်သည်နှင့် ကိုဗစ်-၁၉ သည် ပြန်လည်ရောက်ရှိလာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

သို့ဆိုလျှင် ကိုဗစ်-၁၉ သည် ပြည်သူများကြားတွင် အတူရှိနေနိုင်သည် မှာ ထင်ရှားပေသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု လူနာတွေ့ရှိမှုများကို လေ့လာကြည့်မည်ဆိုပါက ရောဂါပိုးတွေ့ရှိသူအများစု သည် ပြည်ပမှရောက်ရှိလာသော ရောဂါပိုးရှိသူများ၊ ထိုရောဂါရှိသူ လူအများနှင့် ထိတွေ့ခဲ့သူတို့မှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်သည်။ ရောဂါ ဖြစ်စဉ် ၆၂ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ရောဂါပိုး ရှိသည်ကိုတွေ့ရှိရသည့်အတွက် ပြည်သူလူထုအတွင်း ရောဂါပိုးကူးစက် ခံထားရသော်လည်း ရောဂါလက္ခဏာမပြသူများ သို့မဟုတ် သာမန်ရောဂါလက္ခဏာများသာရှိသူများ ရှိနေနိုင်ခြင်းဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ ၁၅ ရက်နေ့က အသိပေးထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို လုံးဝ မပေါ့ဆရန်လိုအပ်ပါသည်။ အချို့နိုင်ငံများတွင် ရောဂါကူးစက်မှုကျဆင်းလာသဖြင့် ဖြေလျှော့မှုများပြုလုပ်ပြီးနောက် တစ်ကျော့ပြန်ရောဂါကူးစက်မှုများ ပြန်လည်မြင့်မားလာသည်ကို တွေ့ရပါသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ အနေဖြင့် ပြည်သူများ ရေရှည်တွင်မဖြစ်မနေလုပ်ကိုင်ဆောင်ရွက်ရမည့် ပညာရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေး၊ လူမှုရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောလမ်းညွှန်ချက်များကို အတိအကျဆက်လက်လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါသည်။

အဓိကအချက်များမှာ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကာကွယ် ထားပြီး အမြဲထိတွေ့မှုရှိသည့် မိမိတို့၏လက်များကို ဆပ်ပြာဖြင့်စင်ကြယ် အောင်ဆေးကြောရမည် ဖြစ်သည်။ လူစုလူဝေးများကို ရှောင်ရှားပြီး တစ်ဦးနှင့် တစ်ဦး နီးနီးကပ်ကပ်မနေထိုင်ရန် လိုအပ်ပါသည်။ မည်သူမဆို ရောဂါ လက္ခဏာမပြသော်လည်း ရောဂါပိုးရှိနိုင်ခြင်းကြောင့် မိမိကိုယ်တိုင်၊ မိမိ၏မိသားစုနှင့် မိတ်ဆွေအသိုင်းအဝိုင်းများ ရောဂါကူးစက်ဖြစ်ပွားခြင်း မရှိစေရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများနှင့် လမ်းညွှန်မှုများကို အလေးထား၍ တိကျစွာ ဆက်လက်လိုက်နာကျင့်သုံးကြရမည် ဖြစ်သည်။

ကိုဗစ်-၁၉ သည် ဗိုင်းရပ်စ်ပိုးအသစ်ကြောင့် ဖြစ်ပွားသောရောဂါ အသစ်ဖြစ်၍ ယခုအချိန်အထိ ရောဂါ၏ကူးစက်ပြန့်ပွားမှုပုံသဏ္ဌာန်၊ ပြင်းထန်မှုအတိုင်းအတာ၊ ရောဂါဖြစ်စဉ်သဘောသဘာဝနှင့် ဗိုင်းရပ်စ်ပိုး၏ အပြုအမူ၊ သဘောသဘာဝတို့ကို ရာနှုန်းပြည့်မသိရှိရသေးသည့်အပြင် ထူးခြားသောရောဂါလက္ခဏာအသစ်များကိုလည်း ထပ်မံတွေ့ရှိနေရခြင်းကြောင့် ဆေးပညာရှင်များ၊ ဆေးဘက်ဆိုင်ရာ သုတေသနပညာရှင်များနှင့် ပြည်သူ့ကျန်းမာရေးပညာရှင်များက တစိုက်မတ်မတ်လေ့လာနေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စတင်တွေ့ရှိ ခဲ့သည့် မတ်လ ၂၃ ရက်နေ့မှစ၍ ယနေ့အချိန်အထိ ကိုဗစ်-၁၉ လူနာများကို လေ့လာကြည့်မည်ဆိုလျှင် ဖော်ပြပါကူးစက်မှုအခြေအနေနှင့် ရက်သတ္တပတ် များအတွင်း လူနာအသစ်တွေ့ရှိမှု အနည်းငယ်တွေ့ရှိလိုက်၊ ပျောက်သွားလိုက်၊ တိုးလာလိုက်၊ လျော့လာလိုက်ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့ဖြစ်ပေါ်နေသော်လည်း မဖြစ်မနေဆောင်ရွက်ရမည့်အလုပ်များကို လုပ်ကိုင်ဆောင်ရွက်ရမည်ဆိုပါက ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များကို လူတိုင်းလူတိုင်းလိုက်နာနိုင်မှ ဆက်လက်ဆောင်ရွက်ရန်သင့်မည် ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူများအနေဖြင့် မိမိတို့နေ့စဉ်လူမှုဘဝ၌ မဖြစ်မနေ ဆောင်ရွက်ရမည့်အလုပ်များ ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များကို မပျက်မကွက်ဆောင်ရွက်ရမည့် အလေ့အထများအဖြစ်လုပ်ကိုင်နိုင်ရန် ကြိုးပမ်းအားထုတ်ရမည် ဖြစ်ပါကြောင်း။

 

့‌ြေ့်