တိရစ္ဆာန် ဆေးကုဆရာဝန်များ ပရဟိတအဖွဲ့က ရန်ကုန်တက္ကသိုလ်ပရဝုဏ် အတွင်းရှိ ခွေးများအား ခွေးရူးကာကွယ်ဆေးထိုးခြင်း၊ ကောင်ရေ မပြန့်ပွားအောင် ထိန်းချုပ်ခြင်း   လုပ်ဆောင်ပေးခဲ့

ရန်ကုန် ၂၉  ဇူလိုင် 


ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်းရှိ လေလွင့်ခွေးများအနက်မှ အထီးများကို ခွဲစိတ်သင်းကွတ်ခြင်း၊ အမများအား ခွဲစိတ်သားအိမ်ထုတ်ပြီး မျိုးဆက်ပြန့်ပွားမှု ထိန်းချုပ်ခြင်း၊ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးပေးခြင်း တို့ကို တိရစ္ဆာန်ဆေးကု ဆရာဝန်များ ပရဟိတ အဖွဲ့ (Infinity Vets Myanmar) ( ရန်ကုန်) မှ ဆရာဝန်များ က ဇူလိုင် ၂၈ ရက်တွင်  လုပ်ဆောင်ပေးခဲ့ကြသည်။


ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂ၏ မေတ္တာရပ်ခံချက်နှင့်  ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၏ တရားဝင် အကြောင်းကြား အကူအညီတောင်းခံခဲ့မှုကြောင့် တိရစ္ဆာန်ဆေးကု ဆရာဝန်များ ပရဟိတအဖွဲ့မှ ဆရာဝန်များက အလားတူ  ဆောင်ရွက်ပေးခဲ့သည်မှာ ယခုအပတ်နှင့် ဆိုလျှင် ပဉ္စမမြောက် သီတင်းပတ်ရှိပြီဖြစ်ကြောင်း၊  ယခု သီတင်းပတ်တွင်   ခွေးထီး ၃၅ ကောင် သင်းကွတ်ခြင်း၊ ခွေးမ ၆၀ ကို ခွဲစိတ်ပြီး သားအိမ်ထုတ်ခြင်း၊  ၁၀၅ ကောင်ကို ခွေးရူးကာကွယ်ဆေးထိုးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း အဖွဲ့မှ ဆရာဝန်တစ်ဦးက ပြောသည်။


တိရစ္ဆာန်ဆေးကု ဆရာဝန်များ ပရဟိတအဖွဲ့ကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ဖွဲ့စည်းခဲ့ပြီး လေလွင့်ခွေး အရေအတွက် တိုးပွားလာခြင်း မရှိစေရန် ထိန်းချုပ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း၊ ခွေးရူးရောဂါ အန္တရာယ် နည်းပါးလာစေရေး၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် တိကုဆရာဝန်များ ပေါ်ထွက်လာစေရေး စသော ရည်ရွယ်ချက်များနှင့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဖွဲ့ဝင် ၂၉ ဦးရှိပြီး  ဆရာဝန်တစ်ဦးလျှင် တစ်လ ငွေကျပ် ၅၀ဝ၀  ထည့်ဝင်၍ ဘုန်းကြီးကျောင်း၊ သာသနာ့နယ်မြေ၊ ဘုရားပရဝုဏ်၊တက္ကသိုလ်၊ စာသင်ကျောင်း ဆေးရုံများအတွင်း လေလွင့်ကျက်စားနေသော ခွေးလေ ခွေးလွင့်များအား ဦးစားပေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


အဆိုပါ အဖွဲ့အနေဖြင့် သဒ္ဓါပေါက်၍ လာရောက် လှူဒါန်းသူများမှ အပ ပြင်ပတွင် အလှူ ခံခြင်း မရှိဘဲ အဖွဲ့ဝင်ဆရာဝန်များ၏ ထည့်ဝင်ငွေ ဖြင့်သာ ဆောင်ရွက်သော ပရဟိတ အဖွဲ့ ဖြစ်ကြောင်း၊  ယခု သီတင်းပတ်အထိ ပရဟိတအဖွဲ့၏ လုပ်ဆောင်မှု ၄၂ ကြိမ်ရှိရာ ခွေးထီးသင်းကွတ် မှု ၇၁၃ ကောင်၊ ခွေးမ သားအိမ်ထုတ်မှု ၃၂၃ ကောင်၊ ခွေးရူး ကာကွယ်ဆေးထိုးခြင်း ၁၇၉၃ ၊ သန္ဓေတားဆေးထိုးပေးခြင်း ၄၀၁ ကောင်၊ ခွေးကာလသားရောဂါ ကင်ဆာဆေးသွင်းကုသခြင်း ၃၈ ကောင်၊ ဆိုးသွမ်းခွေးများကို ခွေးပြုစုစောင့်ရှောက်ရေး ဂေဟာသို့ ကူညီပို့ဆောင်ပေးခြင်း ၂၁၈ ကောင်ရှိပြီ ဖြစ် ကြောင်း သိရသည်။


ရန်ကုန် တက္ကသိုလ် ပရဝုဏ် တွင်းရှိ ခွေးများအားလုံး ခွေးရူးကာကွယ်ဆေး ထိုးခြင်း၊ ကောင်ရေ မပြန့်ပွားအောင် ထိန်းချုပ်ခြင်းတို့ကို အပတ်စဉ် ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းအဖွဲ့ထံမှ သိရသည်။ 


(KZN)