တိရစ္ဆာန်များမှ လူကို ရောဂါကူးစက်ရာတွင် ကူးစက်နိုင်ရန် အခွင့်အလမ်းများသော လူအုပ်စုများ

ဒေါက်တာ ခင်စန်းမော်

တစ်နေ့တွင် ဆေးခန်းသို့ ခွေးကိုက်ခံရသော ကြောင်တစ်ကောင်ကို လာပြပါသည်။ ဝိုင်းကိုက်သည့် ခွေးများက အလေ့ကျ ကျက်စားနေကြသော လမ်းဘေးလေလွင့်ခွေးများ ဖြစ်ကြပြီး အကိုက်ခံရသောကြောင်ကိုလည်း ခွေးရူးကာကွယ်ဆေး မထိုးထားကြောင်း သိရပါ၏။

ဆေးကုသမှုများလုပ်ပေး

အရေပြားပေါ်မှာ ပေါက်ပြဲဒဏ်ရာများ မရှိသော်လည်း အကိုက်ခံရသည့်နေရာများမှာ အသက်ရှူလိုက်တိုင်း ပိန်လိုက်၊ ဖောင်းလိုက်ဖြစ်နေသဖြင့် ဒဏ်ရာမနည်းလှကြောင်း တွေ့မြင်ရပါသည်။ ကြောင်ပိုင်ရှင်သည် တက္ကသိုလ်ကျောင်းသူအရွယ် ချောချောလှလှ မိန်းမပျိုလေးတစ်ဦးဖြစ်ကာ သူ့ကြောင်လေး၏ ဒဏ်ရာများကိုလက်ဖဝါးနှင့်ဖိပြီး ပွတ်သပ်ချော့မော့ နှစ်သိမ့်နေသောကြောင့် ပိုင်ရှင်လေးအား လက်ဆေးခိုင်းကာ ရော်ဘာ လက်အိတ်များ ဝတ်ဆင်စေပါသည်။

ခွေးကိုက်သည့် ဒဏ်ရာများမှာ ခွေးသွားရည်များ ရှိနေနိုင်ကြောင်း၊ ခွေးရူးရောဂါ ဖြစ်ပွားနေသည့် ခွေးကကိုက်လျှင် အကိုက်ခံရသောကြောင်မှာ အန္တရာယ် ရှိသည်သာမက ဒဏ်ရာများကို လက်ဖြင့် ပွတ်သပ်နေသည့်လူမှာလည်း အန္တရာယ် ရှိကြောင်း၊ လူကို ရောဂါ မကူးစက်နိုင်အောင် ကြောင်ကို လက်အိတ်နှင့်သာ ကိုင်တွယ်ဖို့၊ သတိထားစောင့်ကြည့်ဖို့ လိုကြောင်း အကျယ်တဝင့် ရှင်းပြပြီး ကြောင်ကို ဆေးကုသမှုများ လုပ်ပေးခဲ့ပါ၏။

နောက်တစ်နေ့ ဆေးခန်းသို့လာသောအခါ သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်ချော့မော့ ခေါ်လာသော ကြောင်ကို ဆေးခန်းရှေ့ရောက်မှ အဖုံးပါသော ဆွဲခြင်းထဲကောက်ထည့်ပြီး ဆေးခန်းထဲ ဝင်လာပါသည်။ ဆေးကုစားပွဲပေါ်သို့ ဆွဲခြင်းကို တင်လိုက်ပြီးနောက် သူ့လက်နှစ်ဖက်ကို လက်အိတ်များဝတ်လိုက်ပြီး ကြောင်ကိုထုတ်ယူပေးလေသည်။ ဆေးထိုးပြီးလျှင်ပြီးချင်း လက်အိတ်များကိုချွတ်ကာ ဘောင်းဘီအိတ်ထဲ ကပျာကသီထည့်ပြီး ကြောင်၏ဒဏ်ရာများအား လက်နှင့်ပွတ်သပ်ချော့မြှူနေပြန်သည်။ ဆရာဝန်က လက်အိတ်များပင် မချွတ်ရသေး။

ထိုဖြစ်ရပ်ကိုကြည့်ရင်း ငယ်စဉ်က ဖတ်ခဲ့ဖူးသည့် စာတစ်ပုဒ်ကို သတိရမိလိုက်သည်။ အချိန်က ဂျပန်ခေတ်။ ဂျပန်တပ်များက မြန်မာ့ကျေးလက်ရွာတစ်ရွာမှာ စခန်းချသောအခါ ရွာ၏ ရေတွင်း၌ သူတို့ထုံးစံအတိုင်း ကိုယ်လုံးတီး ရေချိုးကြ၍ အမျိုးသမီးကြီး၊ ငယ်မရွေး ရွာသူများအားလုံး ထွက်ပြေးကြရပါသတဲ့။ ထို့ကြောင့် ရွာသူကြီးက ဂျပန်အရာရှိကို အကျိုးအကြောင်း နားလည်အောင် ရှင်းပြပန်ကြားခဲ့ပါသည်။ ဂျပန်တွေ ဘောင်းဘီဝတ်ပြီး ရေချိုးကြမယ် ဟူသော သတင်းကြောင့် ရွာသူ ရွာသားများ စိတ်သက်သာရာရကာ အခါတိုင်းကဲ့သို့ ရေတွင်းမှာ ရေခပ်ဆင်းလာကြသည်။ တကယ်တမ်း ထွက်လာချိန်၌ ဂျပန်စစ်သားများအားလုံး ကိုယ်လုံးတီးပင် ဖြစ်နေကြသည်။ သို့သော် ထူးခြားသည်မှာကား သစ်သားရေ စည်ပိုင်းထဲမဝင်ခင် ဘောင်းဘီတိုကို ဝတ်ကြ၏။ ပြီးမှစည်ပိုင်းထဲဝင် ရေချိုးပြီး ဘောင်းဘီတိုကိုချွတ်ကာ နောက်လူကို ပေးဝတ်၏။ နောက်လူက ဘောင်းဘီတိုကိုဝတ်ကာ စည်ပိုင်းငယ်ထဲ ရေဝင်ချိုးပါသည်။ ရေချိုးပြီး သူတိုင်းက ကိုယ်လုံးတီးနှင့် ပြန်သွားသဖြင့် ငိုအားထက်ရယ်အားသန် ဖြစ်ကြရကြောင်းလေးပါ။

ယခုလည်း တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်၏ စိုးရိမ်ပူပန်မှုကို နားလည်မှု လွဲလိုက်ပုံက ဂျပန်တပ်များ ရေချိုးသလို ဖြစ်နေလေသည်။

ထိုအကြောင်း သူ့ကိုရှင်းပြတော့ သူက ရှက်ကိုး ရှက်ကန်း ရယ်မောလျက်။ နောက်ရက်များတွင် ခွေးကိုက်ခံရသောကြောင်၏အနာများ သက်သာလာပြီး တခြားပြဿနာ တစ်စုံတစ်ရာ မဖြစ်ပွားသောကြောင့်သာ တော်ပါသေးသည်။

နောက်တစ်ကောင်က ရုံးဝင်းထဲမှာ မွေးထားသော ပြည်တွင်းမှ ခွေးတစ်ကောင်ဖြစ်၏။ ကာကွယ်ဆေး မထိုးဘဲ အစာကျွေးရုံကျွေးပြီး မွေးထားကြောင်း၊ အပြင်မှ လမ်းဘေးခွေးများနှင့်အတူ သွားလာ ဆော့ကစားတတ်ပြီး ကိုက်ခဲရန် ဖြစ်လေ့ရှိတတ်ကြောင်း၊ ယခုရက်ပိုင်းတွင်ခွေးက အစာမစားနိုင်ဘဲ သွားရည်ကျနေ၍ လာပြခြင်း ဖြစ်ကြောင်း သိရပါသည်။

ခွေးကို ကိုင်တွယ်ပြီး လာပြပေးသူ ဝန်ထမ်းများက ဆေးပညာဗဟုသုတရှိပုံပေါ် ပါသည်။ တံတောင်ဆစ်နား ရောက်လုလု ရော်ဘာလက်အိတ်အထူများ ဝတ်ဆင်ထားကြကာ ကိုင်တွယ်ထိန်းချုပ်ရာမှာလည်း နိုင်နိုင်နင်းနင်း ရှိလှသည်။ မျက်မြင်စစ်ဆေးမှုအရ ခွေး၏လျှာက ပါးစောင်ဘေး တစ်ဖက်ကို ထွက်ပြီး ပြန်မသိမ်းနိုင်။ ပါးစပ်မှ သွားရည်တများများ ထွက်နေသည်။ မတ်မတ်မရပ်နိုင်ဘဲ ယိုင်တိယိုင်တိုင်နှင့်။ မျက်လုံးအကြည့်များက လူများရူးသကဲ့သို့ အကြည့်မမှန်ပေ။ ရေသောက်နိုင်သလားဟု မေးမြန်းသောအခါ သောက်ပါတယ်ဟု ဖြေပါသည်။ သူ့ ပုံသဏ္ဌာန်က မူမမှန်သဖြင့် ရေတိုက်ကြည့်ရာ လျှာတန်းလန်း ထွက်နေပြီး ရေမသောက်နိုင်ပါ။ ထို့ကြောင့် ခွေးရူးရောဂါအတွက် Rapid test kit နှင့် ခွေးသွားရည်ကိုယူပြီး စမ်းကြည့်သောအခါ ခွေးရူးရောဂါ ဟုတ်မှန်ကြောင်း Positive အဖြေကိုပြသဖြင့် ခွေးလာပြသူတို့အား အရေးတကြီး မှာကြားစရာများအား နှုတ်မှတရစပ်ပြောရသလို စာနှင့် အတိုချုပ် ရေးပေးခြင်း၊ ခွေးကို သယ်ဆောင်သွားပြီးနောက် ဆေးခန်းအတွင်း၊ အပြင် သန့်ရှင်းရေး ကိစ္စများအား ဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးများကို စနစ်တကျ အသုံးပြုပြီး သန့်ရှင်းရေးလုပ်ခြင်း စသောအရေးကြီး လုပ်ငန်းစဉ်များအား အလျင်အမြန် လုပ်ဆောင်ခဲ့ရပါသည်။

ကြောက်ရွံ့ရကောင်းမှန်း မသိ

လမ်းမပေါ်တွင် ခွေးတစ်ကောင်၊ ကြောင်တစ်ကောင် လဲနေသည်ဆိုပါစို့။ ထိုခွေး သို့မဟုတ် ကြောင်သည် ကားတိုက်ခံရ၍ လဲနေခြင်းလား၊ အရိုက်ခံရ၍ လဲနေခြင်းလား၊ ခွေးချင်းကိုက်ကြ၍ လဲနေခြင်းလား၊ အခြားရောဂါ တစ်စုံတစ်ရာကြောင့် လဲနေခြင်းလား၊ သူ၏ ရာဇဝင်က လုံးဝမသိသော်လည်း ယခုခေတ်တွင် ကယ်တင်ချင်သူ များပြားလာပါသည်။ အချို့က ပိုက်ဆံပေးပြီး ဘေးပတ်ဝန်းကျင်မှ လူများကို အကူအညီတောင်းကာ ဆေးခန်းသို့ သယ်ဆောင်လာကြသည်။ ဆေးကုပြီးလျှင် ထိုနေရာသို့ ပြန်လည်သယ်ဆောင်သွားပြီး ထားခဲ့မည်ဟု ဆိုကြသူများပါသည်။ သယ်ဆောင်လာသူများကို ကြည့်လိုက်သောအခါ အကာအကွယ် တစ်ခုခုမပါသည့် လက်များဖြင့် ကိုင်တွယ်လျက် အချို့ခမျာ ဖမ်းရင်းပြုရင်း ကိုက်ခဲကုတ်ခြစ်ခံရရှာသော ဒဏ်ရာများပင် ပါနေသေးသည်။ လူ့အသက်ကို ခြိမ်းခြောက်နိုင်သော ရောဂါဆိုးများ ကူးစက်လေမည်လားဟု ကြောက်ရွံ့ရကောင်းမှန်းလည်း မသိကြပေ။

လူတို့၏ ကျန်းမာရေးနှင့် သက်ရှိသတ္တဝါတို့၏ ကျန်းမာရေးကိစ္စတွင် တိရစ္ဆာန်များမှ ကူးစက်တတ်သော ရောဂါများ (Zoonosis) အရေးကြီးပုံကို ပြောကြသောအခါ ပေါ့ပေါ့ဆဆ သဘောမထားသင့်ကြောင်း ပြောကြားလိုပါသည်။ အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်မှ လူကိုရောဂါပိုးကူးစက်လွယ်သည့် လူအုပ်စုများ ရှိနေသောကြောင့်ပင် ဖြစ်သည်။

အရွယ်ရောက်ပြီးသား ကျန်းမာသောလူများသည်ခန္ဓာကိုယ်၏ ခုခံအားစနစ် ကောင်းမွန်ကြသောကြောင့် အိမ်မွေးတိရစ္ဆာန်များ၏ ရောဂါပိုးများနှင့် ထိတွေ့မှုရှိသော်လည်း ရောဂါလက္ခဏာ ပြလာခြင်းမျိုးကို မတွေ့ရပေ။ အကယ်၍ လူကိုကူးစက်တတ်သော ရောဂါပိုးများအားထိမိ၊ ကိုင်မိလျှင် လူ၏ ကိုယ်ခံအားစနစ်က အလုပ်လုပ်လာပြီး ခုခံအားများကို ထုတ်လုပ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး (WHO) က တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်ရန် အခွင့်အလမ်းများသော အုပ်စုကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။ ယင်းတို့မှာ

  • တိရစ္ဆာန်ကို ကိုင်တွယ်ထိန်းကျောင်းရသူများ၊
  • မွေးကင်းစကလေးများနှင့် ငယ်ရွယ်နုနယ်သော ကလေးများ၊
  • အသက်အရွယ်အိုမင်းသူ လူကြီးများနှင့် နာမကျန်း သူ လူကြီးများ၊
  • လယ်ယာစိုက်ပျိုးရေးလုပ်သားများနှင့် အစား အစာထုတ်လုပ်ရေးလုပ်သားများ၊
  • ခုခံအားနည်း ဝေဒနာရှင်များ၊
  • ရောဂါကုသမှုခံယူနေရသောသူများ၊
  • ကိုယ်ဝန်ဆောင်များ စသည်တို့ ဖြစ်ကြသည်။

ထိုအုပ်စုထဲမှာပါသော လူတို့သည် နေ့စဉ်နေ့တိုင်း တိရစ္ဆာန်များကို ထိတွေ့ကိုင်တွယ်နေရသူများ၊ ရောဂါပိုးများကို ခံနိုင်ရည်မရှိသူများ၊ သန့်ရှင်းမှုကို ဂရုမပြုကြသူများ ပါဝင်နေသည်။ တိရစ္ဆာန်ကို ကိုင်တွယ်ရသူများထဲတွင် တိရစ္ဆာန်ချစ်တတ်သူများ၊ တိရစ္ဆာန်မွေးမြူသူများ ထိပ်ဆုံးက ပါဝင်နေသည့်အပြင် တိရစ္ဆာန်များကို ထိန်းကျောင်း လေ့ကျင့်ပေးရသည့် လေ့ကျင့်ရေးသင်တန်းဆရာများ (Trainers)၊ ထိန်းကျောင်းကိုင်တွယ်ပေးရသူ (Keepers) များ၊ တိရစ္ဆာန် ဆေးကုဆရာဝန်များ (eterinary surgeons)၊ သူနာပြုများ၊ ဓာတ်ခွဲခန်း ကျွမ်းကျင်ဝန်ထမ်းများ၊ တိရစ္ဆာန်ကယ်ဆယ်စောင့်ရှောက်ရေး အသင်းအဖွဲ့များ စသည်တို့ပါဝင်ပါသည်။

ကူးစက်လွယ်သည့် အုပ်စုဝင်များဖြစ်

မွေးကင်းစကလေးများနှင့် ငယ်ရွယ်နုနယ်သော ကလေးများသည် အန္တရာယ်များသော အုပ်စုထဲမှာ ပါနေသည်။ ကလေးများသည် တိရစ္ဆာန်များက ကိုက်ခြင်း၊ ငုံခဲခြင်း၊ ဟပ်ခြင်း၊ လျှာဖြင့် လျက်ခြင်းတို့ကို တွန်းလှန်နိုင်စွမ်း မရှိကြပေ။ ဆေးကြောသန့်ရှင်းရ ကောင်းမှန်းလည်း မသိကြ ။

ထို့နည်းတူ အသက်အရွယ်ကြီးရင့်သော လူကြီးများ၊ နာမကျန်းဖြစ်နေသော သက်ကြီးရွယ်အိုတို့သည်လည်း တိရစ္ဆာန်ရောဂါပိုးများ ကူးစက်လွယ်သည့် အုပ်စုဝင်များ ဖြစ်ကြသည်။

စိုက်ပျိုးမွေးမြူရေးလုပ်သားများ၊ အစားအစာကို စီမံချက်ပြုတ်ထုတ်လုပ်ရသော ဝန်ထမ်းများသည် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို ကိုင်တွယ်ခြင်းမှ တိုက်ရိုက်ကူးစက်နိုင်ပါသည်။

ဥပမာပြရလျှင် ထောင့်သန်းရောဂါ၊ အီးကိုလိုင်၊ ဘရူဆယ်လာ၊ ဆယ်မိုနဲလား၊ တီဘီရောဂါနှင့် မေးခိုင်ရောဂါတို့ ဖြစ်သည်။ နောက်ထပ်အုပ်စုတစ်ခုမှာ ခုခံအားနည်း ဝေဒနာရှင်များ ဖြစ်ကြသည်။ ထိုအုပ်စုတွင်ခုခံအားစနစ် ပျက်စီးနေသော ဝေဒနာရှင်များ၊ ဓာတုဆေးရည် အသွင်းခံနေရသော လူနာများ၊ ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီး၍ အစားထိုး လဲလှယ်ထားရသူများ၊ ဓာတ်ရောင်ခြည် ကင်နေရသူများ၊ ကော်တီဇုန်းဆေးဝါး ကြာရှည်သောက်သုံးနေရသူများ ပါဝင်ပါသည်။ ကိုယ်ဝန်ဆောင်များ အနေဖြင့် တိရစ္ဆာန်မှလူသို့ ကူးစက်နိုင်သော ရောဂါများကို သတိထားသင့်သည့် အုပ်စုထဲတွင် ပါဝင်နေကြောင်း အသိပေးလိုပါသည်။

လူတို့၏ အသက်အ္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် Zoonosis ရောဂါကြီးများရှိနေသောကြောင့် ကူးစက်လွယ်သည့် အုပ်စုထဲမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အကြောင်းရင်းမသိသည့် တိရစ္ဆာန်တစ်ကောင်ကောင်ကို အကာအကွယ်မဲ့သော လက်များဖြင့် မကိုင်တွယ်ပါနှင့်။ အသက်ရှူလမ်းကြောင်းမှ ရောဂါပိုးများကို ကာကွယ်ရန် မျက်နှာစည်း (mask) တပ်ဆင်ထားပါ။ ရန်လို ကိုက်ခဲချင်သည့် တိရစ္ဆာန်ကို ကိုင်တွယ်ရာတွင် သတိကြီးစွာထားပါဟု ထပ်ဆင့်အကြံပေးအပ်ပါသည်။ ။

ကြေးမုံ