တို့ဘိုးဘွားအမွေအနှစ် ချစ်မြတ်နိုးကြဖို့...

၁၃ ဒီဇင်ဘာ

 

မြန်မာနိုင်ငံ၌ ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝ အမွေအနှစ်များ၊ မြို့ပြအမွေအနှစ်များ အများအပြားရှိသည်။ မိမိတို့၏ ဘိုးဘွားများ အစဉ်အဆက် ထိန်းသိမ်းခဲ့ကြ၊ ဖန်တီးခဲ့ကြသည့် ရလဒ်များဟုဆိုသော် မမှားနိုင်။

 

မြန်မာနိုင်ငံက သဘာဝရေမြေတောတောင်နှင့် ပတ်ဝန်းကျင် အနေအထားတို့က နိုင်ငံသားများအတွက် အထူးအခွင့်အရေးကြီးများ ပေးထားသည့်နှယ် ဖြစ်သည်။

 

မြေကြီးပေါ်သို့ ကြဲချလိုက်သည့် မျိုးစေ့များက ချက်ချင်းဆိုသလို အပင်ပေါက်သည်။ ရှင်သန်ကြီးထွားသည်။ နိုင်ငံတွင်းရှိ နေရာဒေသ အများစုတွင် ပူလွန်း၊ အေးလွန်းသည့် အန္တရာယ်မရှိသည့်အတွက် သဘာဝနှင့် လိုက်လျောညီထွေ နေနိုင်ကြသည်။ အနွေးထည် အထူကြီးများ၊ လေအေးပေးစက်ကြီးများ၏ အကူအညီမလိုအပ်ဘဲ နေနိုင်ခဲ့ကြသည်။

 

သဘာဝက ပေးထားသည့် သစ်တောကြီးများ၊ ရေနံ၊ ပတ္တမြား၊ ကျောက်စိမ်း စသည့် ကျောက်မျက်ရတနာနှင့် တွင်းထွက်ပစ္စည်း အမျိုးမျိုးကလည်း ရှိသည်။ ကုန်းတွင်း တောင်တန်းများရှိသလို မြေဆီသြဇာ ကောင်းမွန်သော မြစ်ချောင်း အင်းအိုင်များနှင့်တကွ ပြင်ပနှင့် ဆက်သွယ် ကူးသန်းနိုင်သည့် ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းရှိသည်။

 

သည်လို သဘာဝက ပေးအပ်ထားသည့် အမွေအနှစ်များကို ထိန်းသိမ်း သုံးစွဲခဲ့ကြရင်း ဘိုးဘေးဘီဘင်တို့၏ ဖန်တီးတည်ဆောက်ခဲ့သည့် စေတီပုထိုး ဘုရားများ၊ နန်းတော်၊ ဘုန်းတော်ကြီးကျောင်း စသည့် အဆောက် အအုံများကလည်း တစ်နိုင်ငံလုံးအနှံ့ ရှိနေသည်။

 

ရှေးအတီတေက စတင်ရိုးစွဲလာခဲ့ကြသည့် ချစ်မြတ်နိုးဖွယ် ရိုးရာဓလေ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုများကလည်း စုံစုံစေ့စေ့ ရှိသည်။ သည်လို အမွေအနှစ်များဖြင့် ပေါကြွယ်ဝသည့် ဂုဏ်ယူမြတ်နိုး တန်ဖိုးထားစရာ နိုင်ငံတော်ဖြစ်ပါသည်။

 

အဆိုပါ အမွေအနှစ်များကို မည်ကဲ့သို့ အမှန်တကယ် မြတ်နိုးဂုဏ်ယူ တန်ဖိုးထားကြမည်လဲ၊ အမွေအနှစ်များကို မည်ကဲ့သို့ တန်ဖိုးထား ထိန်းသိမ်းကြပြီး မည်ကဲ့သို့ ဆက်လက် တိုးတက်ထွန်းကားအောင် ဆောင်ရွက်ကြမည်လဲ ဆိုသည်က ယနေ့ အမွေဆက်ခံထားသူတို့၏တာဝန် ဖြစ်လာပြီ။

 

လွန်ခဲ့သည့် အနှစ်လေးငါးဆယ်အတွင်း အမွေအနှစ်များ ထိန်းသိမ်းတန်ဖိုးထားမှု လွန်စွာ လျော့ရဲခဲ့သည်ကို ယနေ့ကာလတွင် တွေ့မြင်နေရသည်ဟု ဆိုချင်သည်။ ထိန်းသိမ်းတန်ဖိုးထားချင်ခဲ့ကြသည်ဟု ဆိုလျှင်လည်း ပညာဉာဏ်နှင့်ယှဉ်သော တန်ဖိုးထားထိန်းသိမ်းမှုမျိုး မဖြစ်ခဲ့သည်မှာ အများအပြားဟု ဆိုရပါမည်။
၂ဝ၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်သွားသော ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့်အထဲက စူဠာမဏိပုထိုးတော်ကြီး၏ ကွန်ကရစ် ထည့်သွင်းဖြည့်ဆောက်ခဲ့သော ကွမ်းတောင်ကြီး ပြုတ်ကျကာ အောက်ဘက်က လိုဏ်နှင့် အမိုးတို့ကို ထိုးဖောက် ပျက်စီးသွားစေခဲ့ခြင်းက ထင်ရှားလှသည့် ဥပမာတစ်ခု ဖြစ်ပါသည်။ပြင်ဆင်သည်ဖြစ်စေ၊ မပျက်စီးအောင် ထိန်းသိမ်းရသည်ဖြစ်စေ မည်သို့မည်ပုံ ထိန်းသိမ်းရမည် ဆိုသည်ကို နားမလည်ကြဘူးဟူသည့် သာဓကပါပေ။

 

နှစ်အတော်ကြာ ထိန်းသိမ်းရကောင်းမှန်းမသိခဲ့သည့် သစ်တောကြီးများ၊ တွင်းထွက်ရတနာ ဓာတ်ငွေ့သတ္တုများ၊ သာသနိကအဆောက်အအုံများ ယိုယွင်းချင်တိုင်း ယိုယွင်းခဲ့ရသည်။

 

ရင်နင့်စရာအဖြစ် ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးပြီး ရုပ်ကလာပ်များထားရှိ အလေးပြုရာ ဂျူဗလီဟောကြီးမရှိတော့ပြီ။ တစ်မျိုးသားလုံး ကြည်ညိုလေးစားရသည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း နေထိုင်ရာ အိမ်လေးကိုမျှ မထိန်းသိမ်းနိုင်ခဲ့ကြပြီ။

 

မည်သို့ဆိုစေ၊ နိုင်ငံတကာက ကမ္ဘာ့အမွေအနှစ်များအဖြစ် စံပြု အလေးထားလောက်သည့် အမွေအနှစ်များ မြန်မာနိုင်ငံ၌ ကျန်ရှိနေသည်မှာ အမြောက်အမြားဖြစ်ပါသည်။

 

ရွှေတိဂုံစေတီတော်ကြီး၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ၊ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသ၊ အင်းလေးကန်၊ ကျိုက်ထီးရိုး၊ ကုသိုလ်တော်၊ ရွှေကျောင်းကြီး၊ ဗားဂရာကျောင်းကြီး၊ ကျုံးမြို့ရိုး၊ ဦးပိန်တံတား အစရှိသည့် မန္တလေးမြို့နှင့် အနီးတစ်ဝိုက်က အမွေအနှစ်များ၊ ရန်ကုန်တက္ကသိုလ်၊ အင်းလျားကန်၊ သစ်ပုတ်ပင်၊ အတွင်းဝန်ရုံး အစရှိသည့် စာရင်းတို့လို့မကုန်နိုင်သည့် အမွေအနှစ်များကို တန်ဖိုးထားလိုစိတ်ဖြင့် ရှုမြင်ကြရန် လိုပါမည်။

 

မတတ်နိုင်တော့သည်များအတွက် ရင်နင့်နေရုံမျှဖြင့်မပြီးဘဲ ကျန်ရှိ သည်တို့ထဲက တန်ဖိုးထားရမည်တို့ကို သတိပြုကာ ဉာဏ်ပညာနှင့် ယှဉ်သည့် ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုနိုင်ကြရန် တိုက်တွန်းနှိုးဆော် လိုက်ရပါကြောင်း။