တိုကျို ၂၀၂၀ အိုလံပစ်ပွဲအတွက် အမေရိကန်ဒေါ်လာ ၁၃ဘီလီယံ နီးပါးသုံးစွဲမယ်လို့ကြေညာ

၂၀ ဒီဇင်ဘာ 

တိုကျို ၂၀၂၀ အိုလံပစ်ပြိုင်ပွဲအတွက် ဂျပန်ယမ်းငွေ ၁.၃၅ ထရီလီယံ (အမေရိကန် ဒေါ်လာ ၁၂.၆ ဘီလီယံ) သုံးစွဲမယ်လို့ ပွဲတော်စီစဉ်သူတွေက ဒီကနေ့ (သောကြာနေ့)မှာ ပြောကြားပါတယ်။ သုံးစွဲမယ့်ငွေကြေးပမာဏများလာတာဟာ အပူချိန်ကိုခံနိုင်အောင် လုပ်ဆောင်ဖို့အပါအဝင် ပွဲတော်ကျင်းပရေးနေရာတွေကို မျှတအောင် လုပ်ဆောင်ဖို့ဖြစ်ပါတယ်လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကစပြီး  ပွဲတော်ကျင်းပရေးအတွက် ဘဏ္ဍာငွေကို တရားဝင်ထုတ်ဖော်မပြောခဲ့ပေမယ့် ဒီကနေ့ ထုတ်ပြန်တဲ့ ငွေကြေးပမာဏကတော့ ပြောင်းလဲမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ပွဲတော်အတွင်း သဘာဝဘေးအန္တရာယ် ကြုံခဲ့မယ်ဆိုရင် သုံးရန်အတွက် ဂျပန်ယမ်းငွေ ၂၇ ဘီလီယံကိုလည်း အဆင်သင့် ဆောင်ထားကြောင်း ရှင်းလင်းပြောပြပါတယ်။ 

အခုလျာထားထားတဲ့ ငွေကြေး ဂျပန်ယမ်းငွေ ၁.၃၅ ထရီလီယံထဲ မာရသွန်နဲ့ လမ်းလျှောက်ပွဲ ပြိုင်ပွဲကွင်းကို တိုကျိုကနေ နိုင်ငံ့မြောက်ပိုင်းရှိ ဆပ်ပိုရိုကို ပြောင်းရွှေ့မယ့် ယမ်းငွေ ၃ ဘီလီယံ မပါရှိသေးကြောင်း၊ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) နဲ့ ညှိနှိုင်းနေဆဲဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပချိန်မှာ တိုကျိုနွေဟာ အပူချိန်မြှင့်မား နိုင်တဲ့အတွက် ပွဲတော်ကျင်းပမယ့် ကွင်းကို ပြောင်းရွှေ့ချင်တာဖြစ်ကြောင်း ပြောပါတယ်။ 

ပွဲတော်ကျင်းပမယ့်အချိန်ဟာ နွေအပူရှိန်နဲ့ ပူအိုက်စိုစွတ်တာကို သက်သာအောင် လုပ်ဆောင်ရတဲ့ ကုန်ကျငွေ များရကြောင်း၊ အပူရှိန်သက်သာအောင် ရေပန်းတွေတပ်ဆင်ခြင်းနဲ့ လမ်းမတွေမှာ အပူစုပ်နိုင်တဲ့ ဆေးတွေ သုတ်ရတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ 

အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၈ လော့အိန်ဂျလိစ်အိုလံပစ်ပြိုင်ပွဲမှာ အမေရိန်ဒေါ်လာ ၆.၉ ဘီလီယံကို သုံးစွဲ သွားမယ်လို့ ဒီနှစ်ဆန်းပိုင်းက ပြောပါတယ်။ ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၄ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံသုံးစွဲမယ်လို့ သိရပါတယ်။

MDN
ကိုးကား - AFP