တိုကျိုမြို့တွင် ခြေကျင်လျှောက်နေသည့် လူအုပ်စုတွင်းသို့ မော်တော်ယာဉ်ဖြင့် ဝင်တိုက်၊ ရှစ်ဦးဒဏ်ရာရ

တိုကျို ၂ ဇန်နဝါရီ 

ဂျပန်နိုင်ငံမြို့တော် တိုကျိုရှိလမ်းတစ်လမ်းပေါ်၌ ခြေကျင်လျှောက်နေသည့် လူအုပ်စုအတွင်းသို့ မော်တော်ယာဉ်ဖြင့် မောင်းနှင်ဝင်တိုက်ခဲ့သည့် အသက် ၂၁ နှစ်အရွယ်အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ နှစ်သစ်ကူးချိန်တွင် ဖြစ်ပွားခဲ့သည့် ယင်းဖြစ်ရပ်ကြောင့် လူရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အင်န်အိတ်ချ်ကေ သတင်းတွင် ဖော်ပြသည်။

တိုကျိုမြို့ ရှီဘူရာရပ်ကွက် တာကေရှီတာလမ်း၌ ဒီဇင်ဘာ ၃၁ ရက် သန်းခေါင်ကျော်ပြီး ၁၀ မိနစ်ခန့်တွင် လမ်းလျှောက်နေသူ လူအုပ်စုအတွင်းသို့ မော်တော်ယာဉ်ဖြင့် မောင်းနှင်ဝင်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မော်တော်ယာဉ်မှာ ယင်းလမ်းတစ်လျှောက် လမ်းကြောင်းမှား မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။ ထိခိုက်ဒဏ်ရာရသူများမှာ ဆယ်ကျော်သက်များနှင့် အသက် ၅၀ ကျော်သူအထိပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူများအနက် တက္ကသိုလ်ကျောင်းသား တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သတင်းတွင် ဖော်ပြသည်။

ယာဉ်မောင်းနှင်သူမှာ ထွက်ပြေးခဲ့သော်လည်း နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက ၄င်းကို ဖမ်းဆီးနိုင်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုများအရ ၄င်းမှာ ကာဇူဟီရို ကူဆာကာဘေး အမည်ရှိသူဖြစ်ပြီး ရဲတပ်ဖွဲ့က ၄င်းကို ကျောင်းသား တစ်ဦးအားသတ်ဖြတ်ရန် ကြိုးပမ်းသည်ဟု သံသယရှိမှုဖြင့် ဖမ်းဆီးခဲ့သည်။

ယာဉ်မောင်းနှင်သူသည် အကြမ်းဖက်တိုက်ခိုက်သည့် အပြုအမူ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ကနဦးပြောကြားခဲ့ပြီး နောက်ပိုင်းတွင် လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများ က ပြောကြားသည်။

နှစ်သစ်ကူးကာလတွင် အခင်းဖြစ်ပွားသည့်လမ်း၌ ယာဉ်သွားလာ မောင်းနှင်မှုများကို ပိတ်ထားခဲ့သည်။ ယင်းလမ်းမပေါ်တွင် တည်ရှိသည့်ဘာသာ ရေးဆိုင်ရာ ဝတ်ကျောင်းတစ်ခုသို့ ခရီးသွားများစည်ကားစွာ သွားရောက်ကြပြီး လာမည့် ၂၀၁၉ ခုနှစ်အတွက် ကံကြမ္မာကောင်းများ ကြုံတွေ့စေရေးအတွက် ဆုတောင်းဆုယူမှုများ ပြုလုပ်ကြခြင်းဖြစ်သည်။ 

အင်န်အိတ်ချ်ကေ