ဘားအံ   မေ   ၁၇

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ဘားအံဇုန်ပွဲစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဘောလုံးအသင်းများအား ကြိုဆိုသည့်အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများအား ပြိုင်ပွဲဝင်အားကစားအသင်းများက မိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ အားကစားအသင်းများအား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

အဆိုပါဘောလုံးပြိုင်ပွဲ အုပ်စု(က) ဘားအံဇုန် အုပ်စုပတ်လည်ပွဲစဉ်များကို ဇွဲကပင်အားကစားကွင်းကြီး၌ မေ ၁၉ ရက်မှ ၂၆ ရက်အထိ ကရင်ပြည်နယ်အသင်း၊ ရခိုင်ပြည်နယ်အသင်း၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)ဘားအံဇုန်၏ အဖွင့်ပွဲစဉ်အဖြစ် မေ ၁၉ ရက် မွန်းလွဲ ၃ နာရီခွဲ တွင် ကရင်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ မေ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊  မေ ၂၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်း၊ မေ ၂၃ ရက်တွင် ရခိုင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊  မေ ၂၅  ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ မေ ၂၆ ရက်တွင် ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး  မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်းနှင့် အုပ်စုပွဲစဉ်အပြီး ရှုံးထွက်ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။              

 စောမျိုးမင်းသိန်း(ပြန်/ဆက်)