တိုင်းဒေသကြီးနှင့် ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ နေပြည်တော်တွင် စတင်ကျင်းပ

နေပြည်တော် ၅ ဇွန် 

 


မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ် လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(ဃ)တွင် ကျင်းပသည်။
    

dfwe3

 

 

အစီအစဉ်အရ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူပြီး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဗိုဗီနမ်အားကစားနည်းမှာ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံ၏ ရိုးရာကိုယ်ခံ အားကစားနည်းဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှနှင့် ဥရောပအဆင့် ပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပနေသော အားကစားနည်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ဗိုဗီနမ်အားကစားနည်းသည် မြန်မာ့ရိုးရာသိုင်းပညာ၏ ဟန်ပန်များနှင့် ရာခိုင်နှုန်းတော်တော်များများ တူညီပါကြောင်း၊ သို့ဖြစ်ပါ၍ ဗိုဗီနမ်အားကစားနည်းကို မြန်မာ့သိုင်းအဖွဲ့ချုပ်၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်ကို ဖွဲ့စည်းပြီး ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီးစေလွှတ်ပြီး မြန်မာ့သိုင်းမှ အားကစားသမားများကို ရွေးချယ်၍ ဗီယက်နမ်နိုင်ငံမှ နည်းပြများ၏ အကူအညီဖြင့် လေ့ကျင့်သင်ကြားစေခြင်းတို့ဖြင့် ဗီုဗီနမ်အားကစားနည်း အဆင့်အတန်းကို တိုးမြှင့်ပေးခဲ့ပါကြောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိပြီး အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ဗိုဗီနမ်အားကစားနည်းကို စဉ်ဆက်မပြတ် ပိုမိုတိုးတက်အောင်မြင်စေရန် ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှစ၍ ကျင်းပပေးခဲ့ရာ ယခုနှစ်မှာ တတိယမြောက်ကို ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စိတ်ပါဝင်စားစွာဖြင့် အားတက်သရော ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အတွက်လည်း မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ပြောကြားသည်။    

 


ဆက်လက်၍ အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီးနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမြသန်းထိုက်၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အတိုက်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ၊ တစ်ကိုယ်တော် အပြပြိုင်ပွဲများ၊ တစ်ဦးချင်းအတိုက် ကီလိုတန်း ပြိုင်ပွဲများကျင်းပသည်။

 


အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း(၁၁)သင်း၊ အားကစားသမား စုစုပေါင်း (၁၅၀)တို့သည် ဇွန်(၅)ရက်မှ ဇွန်(၇)ရက်ထိ ဝဏ္ဏသိဒ္ဓိအားကစား (ဃ)ရုံတွင် နေ့စဉ်နံနက် (၉) နာရီမှစ၍ အမျိုးသား/အမျိုးသမီး အုပ်စုပတ်လည်ပွဲစဉ်များကို စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သဖြင့် ဗိုဗီနမ်အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 


သတင်းစဉ်