တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ဆက်လက်ဖြန့်ဝေလှူဒါန်း

နေပြည်တော် ဩဂုတ် ၉

 

တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

 

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေသည့် လူနာများအတွက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် လေးမျက်နှာမြို့များရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတအသင်းများသို့ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၈ လုံးကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့် အောက်ဆီဂျင်အိုး ၁၀၅ လုံးကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ Oxygen Concentrator စက်၁၀ လုံး၊ စားသောက်ဖွယ်ရာများနှင့် အလှူငွေကျပ် သိန်း ၂၀ တို့ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နှင့်ပန်းတောင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများသို့ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၅၁ လုံးနှင့် Oxygen Concentrator 5L တစ်လုံးတို့ကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေး အဖွဲ့အစည်းများက အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြောင်းပုလဲမြို့သစ်၌ အောက်ဆီဂျင်စက်ရုံ မြေနေရာနှင့် တည်ဆောက်နေမှုကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)ရှိ Oxygen Tank Station လည်ပတ်နိုင်မှုနှင့် Oxygen Plant မှ အောက်ဆီဂျင်အိုး ဖြည့်သွင်းနေမှု၊ လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆုတောင်းပြည့်ဓမ္မာရုံ၌ Oxygen Plant တည်ဆောက်နေမှုတို့ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နှင့် ပုသိမ်မြို့တို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုများကို လည်းကောင်း၊ ချင်းပြည်နယ် ဟားခါးမြို့ ပြည်သူ့ဆေးရုံ၌ တပ်ဆင်ထုတ်လုပ်မည့် Oxygen Plant ဆက်စပ်ပစ္စည်းများ နယ်မြေခံတပ်သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ရောက်ရှိမှုနှင့် အဆိုပါဆေးရုံသို့ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၂၀၀ ရောက်ရှိမှု တို့ကိုလည်းကောင်း (ဝဲပုံ)၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ သံမဏိစက်ရုံ (ပြင်ဦးလွင်) ရှိ Oxygen Plant စက်ရုံမှ အောက်ဆီဂျင် ဖြန့်ဝေပေးမှုများကိုလည်းကောင်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်