တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွား

နေပြည်တော် ၁၀ ဇူလိုင် 

 

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်အတွင်း ဇူလိုင် ၉ရက် နံနက် ၁၁ နာရီခွဲက မိုးရွာသွန်းမှုကြောင့် ရပ်ဘော့နှင့် လုံခါးကျေးရွာတို့ ဆက်သွယ်ထားသည့် အရှည် ၂၅၀ ပေ၊ အကျယ် ၆ ပေခန့်ရှိ လုံခါးကြိုးတံတားမှာ ရေမျောပါပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် မချမ်းဘော့-ဖရုခု-ရပ်ဘော့ ကားလမ်းမိုင်တိုင် (၅၄/ဝ)မှ (၅၇/၄)ထိ၊ (၅၈/ဝ)တို့၌ ရေအနက် ၇ ပေခန့်၊ မိုင်တိုင် (၅၈/၄)၊ (၄၉/၇)၊ (၅၀/၂)၊ (၅၁/၅)၊ (၅၃/၃)၊ (၅၆/၆)၊ (၅၇/၃)နှင့် (၄၉/ဝ)တို့ရှိ တံတား ၇ စင်းပေါ်၌ ရေအနက် ၁/၂ ပေခန့်၊ ရပ်ဘော့- ပန်နန်းဒင်- ဒဇွန်ဒမ်းမြေသားလမ်း မိုင်တိုင်(ဝ/ဝ)မှ (၁/ဝ)ထိ ရေအနက် ၂ ပေခန့် ရေကျော်လျက်ရှိပြီး ရပ်ဘော့- ပန်နန်းဒင်- ဒဇွန်ဒမ်းမြေသားလမ်း မိုင်တိုင်(၉၀/ဝ)မှ (၉၀/၅)ကြား၌ မြေပြိုကျမှုဖြစ်ပွားခဲ့သဖြင့် လမ်းဦးစီးဌာနမှ စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်း ဇူလိုင် ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲက မိုးရွာသွန်းမှုကြောင့် ပိန်းဇလုပ်မြို့ရှိ မြို့မ ၁ ရပ်ကွက်ပါ ၂ ရပ်ကွက်နှင့် ခင်ကန့်လန့် ကျေးရွာပါ ၂ ရွာတို့၌ ကျောင်းဝင်းများအတွင်းသို့ ရေအနက် ၁ ပေခွဲခန့် ဝင်ရောက်နေသဖြင့် စာသင်ကျောင်း ၆ ကျောင်းအား ယာယီပိတ်ထားလျက်ရှိသည်။

 

အလားတူ မကွေးတိုင်းဒေသကြီးအတွင်း ဇူလိုင် ၈ ရက် ည ၁၁ နာရီ ၄၅ မိနစ်က မိုးရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ဆင်ပေါင်ဝဲမြို့နယ်ရှိ ထောက်မကျေးရွာ၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၁ လုံးနှင့် ထောက်မမှ ဂွေးချိုကျေးရွာသို့ ဆက်သွယ်ထားသည့် အရှည် ၁၂၀၊ အကျယ် ၁၀ ပေခန့်ရှိ  သံကူကွန်ကရစ် အမျိုးအစား အင်းကြင်းတောင်ချောင်းကူးတံတား ၁ စင်းတို့ ရေမျောပါ ပျက်စီးခြင်းနှင့် ရေစကြိုမြို့နယ်၊ ပေါက်တောကြီးကျေးရွာအနီး၌ ကမ်းပါး ၁၅၀ဝ ပေခန့် ပြိုကျမှုဖြစ်ပွားလျက်ရှိကြောင်းနှင့် အဆိုပါနေရာအား မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးညီညီပါ အင်အား(၁၀ဝ)ဦးခန့်တို့မှ နိုင်လွန်ပိုက်ဖုံးများချ၍ သဲအိတ်ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ထို့အပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ဇူလိုင် ၉ ရက်န နံနက် ၁၀ နာရီခွဲက မိုးရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ကန်သာယာရပ်ကွက်ရှိ တစညပါတီရုံးသို့ အဆိုပါရပ်ကွက်မှ အိမ်ထောင်စု ၂၆ စု၊ လူဦးရေ ၁၁၇ ဦး (ကျား ၅၃ ၊ မ ၆၄)တို့သည်လည်းကောင်း၊ ကန်သာယာရပ်ကွက် ဓမ္မဝိဟာရ ဘုန်းကြီးကျောင်းသို့ အဆိုပါရပ်ကွက်နေ အိမ်ထောင်စု ၅၀ စု၊ လူဦးရေ ၂၂၅ ဦး (ကျား ၁၀၉၊ မ ၁၁၆) တို့သည်လည်းကောင်း၊ ဘိုးရာဇာရပ်ကွက်ရှိ မြို့ဦးဘုန်းကြီး ကျောင်းသို့ အဆိုပါရပ်ကွက်မှ အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၅၈ ဦး (ကျား ၂၂၊ မ ၃၆)တို့သည်လည်းကောင်း၊ ဘိုးရာဇာရပ်ကွက်ရှိ အောင်သိဒ္ဓိဘုန်းကြီးကျောင်း ဓမ္မာရုံသို့ အဆိုပါရပ်ကွက်နေ အိမ်ထောင်စု ၄ စု၊ လူဦးရေ ၂၃ ဦး (ကျား ၁၀ ဦး၊ မ ၁၃) တို့သည်လည်းကောင်း၊ ဘိုးရာဇာရပ်ကွက်ရှိ အထက (ဘီးလင်း)သို့ အဆိုပါရပ်ကွက်နေ အိမ်ထောင်စု ၅၇ စု၊ လူဦးရေ ၂၂၀ ဦး (ကျား ၁၀၈၊ မ ၁၁၂)တို့သည် လည်းကာင်း ပြောင်းရွှေ့ရောက်ရှိ နေထိုင်လျက်ရှိကြောင်းနှင့် ဘီးလင်းမြစ်ရေသည် တိုင်းထွာချက်အရ (၉၈၈)စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်မှာ ၁၀၂၂ စင်တီမီတာဖြစ်ကြောင်း သိရှိရသည်။

 

အလားတူ ရခိုင်ပြည်နယ်အတွင်း ဇူလိုင် ၈ ရက် နံနက် ၁၀ နာရီက မိုးရွာသွန်းမှုကြောင့် မြောက်ဦးတပ်နယ်ဝင်းအတွင်းရှိ  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုက်ကရိုဝေ့ မြေအောက် ဖိုက်ဘာကေဘယ်ကြိုး ပြတ်တောက်သွားခဲ့သဖြင့် ဆက်သွယ်ရေး အော်တိုတယ်လီဖုန်း(ကြိုးဖုန်း)များ ပြတ်တောက်လျက်ရှိကြောင်းနှင့် အဆိုပါ မြေအောက်ဖိုက်ဘာ ကေဘယ်ကြိုး ပြတ်တောက်မှုအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြုပြင်လျက်ရှိကြောင်းနှင့် မင်းပြားမြို့နယ်၊ ဈေးပိုင်းရပ်ကွက်၌ သက်ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ် ၃ လုံး၊ ဈေးဆိုင်ခန်း ၃ ခန်း ပြိုကျပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိသည်။

 

MDN