တိုင်းပြည်အကျိုး ရည်မှန်းချက်အရှိန်အဟုန်တိုး

နိုင်ငံတစ်နိုင်ငံတွင် မည်သည့်အခြေအနေတွင် ရှိနေသည်ဖြစ်စေ မဖြစ်မနေဆောင်ရွက်နေရမည့် ကိစ္စသည် စီးပွားရေးဖြစ်သည်။ စီးပွားရေးကောင်းမွန်ပါမှ နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေးစသည်ဖြင့် အစစအရာရာ ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရာ၌ အစိုးရတစ်ရပ်နှင့်တစ်ရပ် အကောင်အထည်ဖော်မှုများ မတူညီသဖြင့် လိုအပ်ချက် များ ရှိမည်ဖြစ်သည်။

 

နိုင်ငံ့စီးပွားရေးတွင် ၂၀၁၇ နှောင်းပိုင်းကာလမှစ၍ စီးပွားရေးကျဆင်းခဲ့သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံ့စီးပွားရေး အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိသည်ဟု သိရသည်။ စီးပွားရေးစီမံခန့်ခွဲမှု လွဲချော်မှုများနှင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု တိုးတက်အောင် အားမပေးဘဲ ပြည်ပသွင်းကုန်များကို ဦးစားပေးခဲ့သောကြောင့် အနုတ်လက္ခဏာ ပြခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူချိန်တွင် နိုင်ငံ့စီးပွားရေးကို ဦးစားပေးမြှင့်တင်ဆောင်ရွက်ခဲ့သည်။

 

စီးပွားရေးကို ဦးစားပေးဆောင်ရွက်ခဲ့သောကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများနှင့် နိုင်ငံရေးပြဿနာ အနှောင့်အယှက်များ ဖြစ်ပွားနေသည့်ကြားမှပင် နိုင်ငံ့စီးပွားရေးမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည် ရောက်ရှိခဲ့သည်။ အလားတူ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံရေးအရ စိန်ခေါ်မှုများ၊ လုံခြုံရေးအရ နှောင့်ယှက်ဖျက်ဆီးမှုများ၊ စီးပွားရေးအရ ပိတ်ဆို့မှုများ စသည့်အခက်အခဲအမျိုးမျိုးကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံ့စီးပွားရေး ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလအထိ နိုင်ငံ့စီးပွားရေး ၃ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့သည်။

 

ဒေသအလိုက် တိုးတက်ဖြစ်ထွန်းမှုတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှလွဲ၍ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးစီးပွားရေးတွင် အပေါင်းလက္ခဏာများပြခဲ့သည်။ စီးပွားရေး၊ လူမှုရေးမတိုးတက်ခြင်းသည် လက်နက်ကိုင်ပဋိပက္ခများ၊ မညီညွတ်မှုများနှင့် ကြိုးပမ်း ဆောင်ရွက်မှု လိုအပ်ချက်များကြောင့် တိုးတက်မှုနှေးကွေးနေသည်ကို တွေ့မြင်နိုင်သည်။ ကုန်သွယ်မှု နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် နှစ်စဉ်လိုငွေပြလျက်ရှိပြီး ကုန်ထုတ်လုပ်မှုတွင်လည်း ဒေသတွင်း နိုင်ငံများထက် အားနည်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ စီးပွားရေးတွင် တိုးတက်လာသော်လည်း ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ်ကို ခံစားနေရဆဲဖြစ်သည်။

 

ထုတ်လုပ်မှုနှင့်လိုအပ်ချက် ကွာဟမှုရှိခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ်မြင့်မားခြင်း၊ ကုန်သွယ်မှုအတွက် နိုင်ငံခြားငွေသုံးစွဲမှု၌ သတ်မှတ်စည်းကမ်းချက်များကို မလိုက်နာခြင်း၊ တရားမဝင်ကုန်သွယ်မှုများ ရှိနေခြင်း၊ မတော်လောဘစိတ်ထားများထားခြင်း၊ နိုင်ငံခြားငွေနည်းပါးသဖြင့် ငွေလဲနှုန်းမြင့်မားခြင်း၊ သွင်းအားစုတန်ဖိုးများ မြင့်တက်လာခြင်း စသည့်အကြောင်းများကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ ကြီးမြင့်လာခြင်းဖြစ်သည်။ စိုက်ပျိုးရေးထွက်ကုန်များ ပန်းတိုင်အထွက်နှုန်း မပြည့်မီခြင်း၊ အထွက်နှုန်း နည်းခြင်းတို့လည်းရှိ၍ ယင်းတို့ကို ဝိုင်းဝန်းအဖြေရှာ ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

အဆိုပါအားနည်းချက်၊ လိုအပ်ချက်၊ အခက်အခဲများကြားမှ နိုင်ငံ့စီးပွားရေးကို အထိုက်အလျောက် တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နိုင်သဖြင့် ရည်မှန်းချက်များပြည့်မီအောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သဖြင့် ဆန်စပါးတစ်ခုတည်းကိုပင် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေး သည် များစွာမြင့်မားတိုးတက်လာမည်ဖြစ်သည်။ စိုက်ပျိုးရေးသီးနှံအားလုံးကို ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ထုတ်ကုန်များ မြင့်မားတိုးတက်လာမည်ဖြစ်သည်။ ဝယ်လိုအား မြင့်မားလာပြီး ထုတ်လုပ်သူများ ဝင်ငွေတိုးကာ နိုင်ငံ့စီးပွားလည်း တိုးတက်လာမည် ဖြစ်သည်။ ရောင်းလိုအား၊ ဝယ်လိုအား မြင့်မားတိုးတက်လာလျှင် ငွေကြေးလည်ပတ်မှု အားကောင်း လာပြီး လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာမည်ဖြစ်သည်။

 

စီမံကိန်းရည်မှန်းချက်များ အောင်မြင်စေရေး၊ အထွက်နှုန်းများ တိုးတက်လာစေရေးအတွက် နိုင်ငံတော်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ရင်းနှီးငွေများ ပေးအပ်ထားပြီးဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုအားနည်းနေသေးသည်ကို တွေ့ရသည်။ စိုက်ပျိုးရေး တွင် အဓိကလိုအပ်ချက်ဖြစ်သော မျိုး၊ မြေ၊ ရေ၊ နည်း ဤလေးနည်းကို ဖော်ဆောင်ပေးရမည်ဖြစ်သည်။ ဤအချက်များပြည့်စုံပါက စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်အထွက်နှုန်းရရှိမည်ဖြစ်ပြီး ယခုထက် အောင်မြင်တိုးတက်လာမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံ့စီးပွားရေးမြင့်မားတိုးတက်လာရေးအတွက် တိုင်းပြည်ကောင်းအောင် ဆောင်ရွက်လိုသည့် စိတ်ထားဖြင့် ရည်မှန်းချက်များအောင်မြင်အောင် အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ