တိုင်းရင်းသားဘာသာစာပေ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားလူမျိုးများအချင်းချင်း ချစ်ကြည်ရင်းနှီမှုများ ပိုမိုခိုင်မြဲလာမည် 

ပဲခူး ဧပြီ ၂၀

တိုင်းရင်းသားဘာသာစာပေ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားလူမျိုးများအချင်းချင်း ပိုမိုစည်းလုံးညီညွတ်၍ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မြဲလာမည်ဖြစ်ကြောင်း၊ ကရင်တိုင်းရင်းသားဘာသာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသကဲ့သို့ အခြားတိုင်းရင်သားဘာသာစာပေ တိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။ 

ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး၌ဖွင့်လှစ်သည့် ကရင်(စကော) တိုင်းရင်းသားဘာသာသင်ကြားရေး ဆရာ/ ဆရာမများ နွေရာသီအဆင့်မြှင့်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ထို့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီအသင်းအဖွဲ့များ၏ ကူညီမှုဖြင့် အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားလူမျိုးအလိုက် တိုင်းရင်းသားဘာသာသင်ကြားရေး ဆရာ/ဆရာမများခန့်ထားနိုင်ခဲ့ပြီဖြစ်၍ အရည်အသွေးထက်မြက်စေရန် ယခုကဲ့သို့သော အဆင့်မြှင့်မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ကယား၊ ကရင်၊ အရှိုချင်း၊ ပအိုဝ်း၊ ရှမ်း၊ မွန်၊ ရခိုင် တိုင်းရင်းသားလူမျိုးများစွာ မှီတင်းနေထိုင်ကြသော်လည်း ကရင်(စကော) တိုင်းရင်းသားများသည် တိုင်းဒေသကြီးအနှံ့အပြားတွင် အခြားတိုင်းရင်းသားများထက် လူဦးရေများပြားစွာ နေထိုင်ကြလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကရင်-မြန်မာ အဘိဓါန်စာအုပ်ကို သင်တန်းတက်ရောက်နေသည့် ဆရာ/ဆရာများထံပေးအပ်ပြီး တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ကရင်တိုင်းရင်းသားသမိုင်းစာအုပ်ကို ပေးအပ်သည်။ 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းတက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် သင်တန်းဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်သည်။  

အဆိုပါ ကရင်(စကော) တိုင်းရင်းသားဘာသာ နွေရာသီအဆင့်မြှင့် မွမ်းမံသင်တန်းကို ဧပြီ ၁၉ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး၌ ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူးများနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်