တိုင်းရင်းသားစည်းလုံးညီညွတ်မှု သို့မဟုတ် ပြည်ထောင်စု၏တစ်ခုတည်းသောအဖြေ

 

 

မျိုးငြိမ်းငယ်

 

ပြည်ထောင်စုနေ့ရောက်တိုင်း ပြောနေကျစကားတွေထဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတဲ့စကားဟာ ထိပ်ဆုံးက ပါပါတယ်။ ဒီကနေ့အထိ မြန်မာနိုင်ငံအတွက် အဓိကအလိုအပ်ဆုံးကလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးတွေ စုစည်းနေထိုင်ကြတဲ့ နိုင်ငံတစ်နိုင်ငံမှာ ကိုယ့်တိုင်းရင်းသားညီအစ်ကိုအချင်းချင်း စည်းလုံးညီညွတ်နေမှ ရေရှည်လက်တွဲ နေထိုင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေလျှော့ချဖို့နဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်‌ထောင်စုတည်ထောင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် အခြေခံလိုအပ်ချက်လည်းဖြစ်ပါတယ်။

 

အရှိတရားကိုလက်ခံ

 

စည်းလုံးညီညွတ်ရေးရဲ့အခြေခံက မတူကွဲပြားမှုတွေကို ဦးစွာနားလည်လက်ခံပေးခြင်း ဖြစ်ပါတယ်။ မတူကွဲပြားတာတွေကို  နားလည်လက်ခံပေးမှ ပေါင်းစည်းနိုင်ပါတယ်။ Our unity is our strength, diversity is our power. ဆိုတဲ့အတိုင်း မတူကွဲပြားမှုဆိုတာ နိုင်ငံရဲ့စွမ်းအားဖြစ်ပါတယ်။ ဒီတော့ တိုင်းရင်းသားတွေရဲ့ မတူကွဲပြားမှုတွေကို အပြုသဘောနဲ့ နားလည်လက်ခံပေးမှ စည်းလုံးညီညွတ်ခြင်းရဲ့ခွန်အားကို ရရှိမှာဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး စုစည်းနေထိုင်တဲ့နိုင်ငံမှာ မတူကွဲပြားမှုတွေက များပြားပါတယ်။ မြင်သာတဲ့ မတူကွဲပြားမှုတွေ၊ မမြင်သာတဲ့ မတူကွဲပြားမှုတွေ အများကြီးပါပဲ။ တိုင်းရင်းသားလူမျိုး များလို့ မတူကွဲပြားမှုများတာဟာ မဆန်းပါဘူး။ သဘာဝ ဖြစ်ပါတယ်။ သဘာဝကပေးတဲ့ ဒီမတူကွဲပြားတဲ့ အရှိတရားကို နားလည်ပေးဖို့နဲ့ လက်ခံပေးဖို့က တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်ဆောက် ရာမှာ အဓိကလိုအပ်ချက်ဖြစ်ပါတယ်။

ဒါပေမဲ့ မတူကွဲပြားမှုတွေနဲ့ စည်းလုံးညီညွတ်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ မတူကွဲပြားမှုတွေနဲ့ စည်းလုံးညီညွတ်ခြင်းဟာ တူညီမှုမရှိဘဲ စည်းလုံးညီညွတ်ခြင်းနဲ့ ကွဲထွက်ခြင်းမရှိဘဲ မတူကွဲပြားခြင်း (unity without uniformity and diversity without fragmentation) ဖြစ်တဲ့အတွက် နူးညံ့သိမ်မွေ့တဲ့လုပ်ငန်းစဉ် ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေနဲ့ စည်းလုံးညီညွတ်ခြင်းဟာ လူ့အဖွဲ့အစည်းတစ်ခုအတွင်း ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာရေးနဲ့ အခြားမတူကွဲပြားမှုများရှိနေလင့်ကစား ညီညွတ်မှုနဲ့သဟဇာတဖြစ်မှုကို ထိန်းသိမ်း ထားနိုင်ပါတယ်။ ဒါမှလည်း နောက်ခံအကြောင်းတွေ မတူညီကြတဲ့သူတွေ အတူယှဉ်တွဲပြီး ငြိမ်းချမ်းစွာ ပေါင်းစည်းနေထိုင်နိုင်မှာဖြစ်ပါတယ်။  

 

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး

 

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသဘောထားကွဲလွဲတာတွေကို ဖြေရှင်းဖို့နဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ဖို့ ကြိုးစားခဲ့ကြတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော် ကတည်းကပါ။ နိုင်ငံမှာဖြစ်နေတဲ့ ပြဿနာရဲ့ ဇာစ်မြစ်နဲ့ ပြဿနာရဲ့အဖြေကိုလည်း သိထားပြီးဖြစ်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် မရှိမဖြစ်လိုအပ်နေတာက တိုင်းရင်းသားစည်းလုံးညီညွတ်မှုပါ။ အချင်းချင်းညီညွတ်မှုမရှိဘဲ ဘာမှဆက်ပြီး လုပ်ကိုင်လို့မရပါဘူး။ ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှုလိုအပ်ပါတယ်။ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ဖို့ဆို ပိုပြီးလိုအပ်ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ မြန်မာနိုင်ငံဟာ ခွဲခြားလို့မရပါဘူး။ ဒါကြောင့်လည်း နိုင်ငံသမိုင်းတစ်လျှောက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ခိုင်မာအောင်လုပ်ဆောင်ကြပါတယ်။ အဲဒါနဲ့ဆန့်ကျင်ဘက်ကတော့ စည်းလုံးညီညွတ်မှု ပြိုကွဲတိုင်း နိုင်ငံဒုက္ခ ရောက်ခဲ့ရခြင်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးများပြားပြီး မတူကွဲပြားမှုတွေရှိနေတဲ့ နိုင်ငံအတွက်က စည်းလုံး ညီညွတ်မှုဟာ နိုင်ငံရဲ့အဆင့်တိုင်းအတွက် အရေးကြီးပါတယ်။ စည်းလုံးညီညွတ်မှုရှိမှ ပဋိပက္ခလျှော့ချ ရေး၊ ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နိုင်ငံတည်ဆောက်ရေးတွေကို လက်တွဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုလို ဖြစ်နေတာ ကြာပါပြီ။ စည်းလုံးညီညွတ်ဖို့ အခက်အခဲတွေက ပဋိပက္ခတွေကို မွေးဖွားပေးပြီး နိုင်ငံတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို အကန့်အသတ်ဖြစ်စေပါတယ်။ ကိုယ့်တိုင်းရင်းသား ညီအစ်ကိုတွေအကြား ညီညွတ်မှုအားနည်းတဲ့အတွက် ပဋိပက္ခသံသရာက ရုန်းမထွက်နိုင်သေးပါဘူး။ ပြည်တွင်းစည်းလုံးညီညွတ်မှုအားနည်းတာရဲ့ နောက်ထပ်ကြီးမားတဲ့ အန္တရာယ်က ပြည်ပစွက်ဖက်မှု ဖြစ်ပါတယ်။ အချင်းချင်းမညီညွတ်မှုဟာ ဘေးသူစိမ်းတွေအတွက် အခွင့်ကောင်းဖြစ်နေပါတယ်။ အရင်ကလည်း နယ်ချဲ့သိမ်းပိုက်ခံရတာကအစ ဒီလိုဖြစ်စဉ်တွေ ကြုံခဲ့ရပြီးပါပြီ။ ဒီတော့ တိုင်းရင်းသားညီအစ်ကိုတွေ အကြား စည်းလုံးခြင်းနဲ့ နိုင်ငံ့ခွန်အားတည်ဆောက် မလား၊ သွေးကွဲခြင်းနဲ့ နိုင်ငံပျက်စီးစေမလား စဉ်းစားကြရမှာပါ။

 

မတူကွဲပြားမှုစီမံခန့်ခွဲခြင်း

 

မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပြောရင် တိုင်းရင်းသားတွေအကြားက မတူကွဲပြားမှုတွေကို သဟဇာတဖြစ်အောင် ဘယ်လိုစီမံ ခန့်ခွဲမလဲဆိုတာ အရေးပါတဲ့အခန်းကဏ္ဍတစ်ရပ် ဖြစ်တာကိုတွေ့ရပါတယ်။ မတူကွဲပြားတာတွေကိုစီမံခန့်ခွဲခြင်းဟာ စည်းလုံးညီညွတ်မှု၊ တန်းတူညီမျှမှုနဲ့ လူမှုရေးစည်းလုံးမှုတွေကို မြှင့်တင်ဖို့အတွက် လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ မတူကွဲပြားတာတွေ အားလုံးပါဝင်လာစေဖို့ဖြစ်ပါတယ်။ မတူကွဲပြားမှု စီမံခန့်ခွဲခြင်းဟာ လူမျိုး၊ ယဉ်ကျေးမှု၊ ကျား/မ၊ အယူအဆတွေနဲ့ အခြားမတူကွဲပြားတာတွေကို အသိအမှတ်ပြု တန်ဖိုးထားတဲ့အတွက် လူ့အဖွဲ့အစည်းအတွင်းမှာ မတူညီမှုရဲ့စွမ်းအားတွေကို မြှင့်တင်ပေးပြီး သဟဇာတဖြစ်မှုနဲ့ စည်းလုံးညီညွတ်မှုကို ရရှိစေပါတယ်။ နောက်ပြီး မတူကွဲပြားမှုတွေဟာ အကောင်း၊ အဆိုး ဒွန်တွဲနေတဲ့အတွက် မတူကွဲပြားမှုတွေနဲ့ ခွန်အားတွေတည်ဆောက်နိုင်သလို မတူ ကွဲပြားမှုကိုထိရောက်အောင် စီမံခန့်ခွဲနိုင်မှုမရှိရင် အန္တရာယ်နဲ့စိန်ခေါ်မှုတွေ ဖြစ်စေပါတယ်။ ယေဘုယျအားဖြင့် မတူကွဲပြားမှုတွေဟာ သူ့အလိုလိုပြင်းထန် တဲ့ပဋိပက္ခတွေဖြစ်စေတဲ့ အကြောင်းရင်းတစ်ရပ် မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ မတူကွဲပြားမှုမရှိတဲ့ နိုင်ငံဆိုတာ မရှိသလောက်ပါ။ နိုင်ငံတိုင်းမှာ မတူကွဲပြားတာတွေ ရှိပေမယ့် နိုင်ငံအများစုမှာ မတူကွဲပြားမှုတွေကြောင့်ဖြစ်ပွားတဲ့ အကြမ်းဖက်ပဋိပက္ခတွေ မရှိကြတာကို တွေ့ရပါတယ်။ ဒီတော့ မတူကွဲပြားတာက ပြဿနာမဟုတ်ဘဲ ပြဿနာဖြစ်စေတာက မတူကွဲပြားတဲ့အုပ်စုတွေအကြား ဆက်ဆံရေးကောင်းမွန်အောင် ဘယ်လိုစီမံခန့်ခွဲ သလဲဆိုတာပဲ ဖြစ်ပါတယ်။

မတူကွဲပြားမှုတွေနဲ့ ပေါင်းစည်းဖို့ဆိုရင် ကိုယ်တိုင်ပြုပြင်ပြောင်းလဲ လိုက်နာကျင့်ကြံကြရ တာတွေရှိပါတယ်။ လူရဲ့သဘောက ယူချင်တဲ့သဘောပဲများပြီး ပေးဆပ်ချင်တဲ့သဘောက နည်းတတ်ကြပါတယ်။ ဒါပေမဲ့ အများနဲ့ ပေါင်းစည်းကြတဲ့အခါ အပေးအယူမျှတဖို့လိုပါတယ်။ မျှတမှုရှိမှပေါင်းစည်း နိုင်မှာပါ။ မတူကွဲပြားမှုတွေနဲ့ ပေါင်းစည်းဖို့ ပါးစပ်ကဘယ်လောက်ပဲပြောပြော မျှတမှုနဲ့ တန်းတူရည်တူမှု မရှိရင် လတ်တလော ဒါမှမဟုတ် ရေရှည်ပေါင်းစည်းဖို့ မလွယ်ပါဘူး။ မြန်မာနိုင်ငံမှာ ယှဉ်တွဲနေထိုင်နေကြတဲ့ တိုင်းရင်းသားတွေအကြား သဟဇာတဖြစ်မှုနဲ့ စည်းလုံးညီညွတ်မှုရဖို့အတွက် ရှေးဦးမဆွကတည်းက အဓိဋ္ဌာန်ပြုထားပြီးသားပါ။ ကမ္ဘာမကျေ နိုင်ငံတော် သီချင်းထဲမှာပါပါတယ်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်းဆိုတာတွေဟာ မတူ ကွဲပြားမှု စီမံခန့်ခွဲခြင်းရဲ့ အနှစ်သာရတွေဖြစ်ပါတယ်။ ဒီအနှစ်သာရတွေမရှိရင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး တည်ဆောက်ဖို့ခက်ခဲသလို ပဋိပက္ခ တွေဖြေရှင်းရေးဟာလည်း ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင်နဲ့ ဖြစ်နေဦးမှာပါ။

 

ယုံကြည်မှုအခြေခံ

 

မြန်မာနိုင်ငံက အကျပ်အတည်းတွေရဲ့ဆုံမှတ်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဖြစ်တာကို အားလုံးက သိရှိလက်ခံထားကြပြီးဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရဖို့ ယခင်ကာလတွေကတည်းက ကြိုးပမ်းခဲ့ကြတာ ဒီကနေ့အထိပါပဲ။ ဒါပေမယ့်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ တစ်နေ့ရွှေ၊ တစ်နေ့ငွေနဲ့ ရုန်းကန်နေရဆဲပါ။ ဒါကြောင့် ပဋိပက္ခဖြေရှင်းရေး၊ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စု တည်ဆောက်ရေးတွေဟာ စိန်ခေါ်မှုတွေကြားမှာ မြင့်လိုက်၊ နိမ့်လိုက် ဖြစ်နေပါတယ်။ အဲဒီစိန်ခေါ်မှုတွေထဲမှာ အကြီးမားဆုံးစိန်ခေါ်မှုက အပြန်အလှန်ယုံကြည်မှုဖြစ်ပါတယ်။ အပြန်အလှန်ယုံကြည်မှုမရှိဘဲ ညီညွတ်ရေး တည်ဆောက်ဖို့နဲ့ အတူလက်တွဲကြဖို့ဆိုတာ မလွယ်ကူပါဘူး။ အပြန်အလှန်ယုံကြည်မှုဟာ လူမှုဆက်ဆံရေးမှာ ကော်လိုပါပဲ။ ယုံကြည်မှုရှိမှ ဆက်ဆံရေးခိုင်မြဲဖို့နဲ့ ရေရှည်ပူးပေါင်းဖို့ဖြစ်မှာပါ။ ဒါ့အပြင် ယုံကြည်မှု တည်ဆောက်ရေးဟာ ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ တရားမျှတမှုနဲ့ လုံခြုံရေးစနစ်ဖော်ဆောင်ရာမှာ အဓိကပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့ အတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါတယ်။

တစ်ဖက်သားရဲ့ ယုံကြည်မှုရဖို့ဆိုတာ ယုံကြည် နိုင်လောက်တဲ့ အကြောင်းတရားတွေရှိမှ ယုံကြည်မှု ရပါတယ်။ ဒါကြောင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးဟာ  ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပြည့်စုံမှ အောင်မြင်တဲ့ အလုပ်လို့လည်း ပြောနိုင်ပါတယ်။ ယုံကြည်မှုရဖို့ ရိုးသားမှုရှိရပါတယ်။ စိတ်ရင်း စေတနာမှန်ကန်မှု၊ အပြောနဲ့ အလုပ် ကိုက်ညီမှုတွေ လိုပါတယ်။ အပြော သက်သက်နဲ့ ယုံကြည်မှုမရနိုင်သလို စေတနာမမှန် ဘူး၊ မရိုးသားဘူးဆိုရင်လည်း မရနိုင်ပါဘူး။ ယုံကြည်မှုခိုင်မြဲလာတာနဲ့ ဆက်ဆံရေးကောင်းမွန် လာပြီး ပဋိပက္ခတွေလျှော့ချရေးကို ထိရောက်စွာ ပံ့ပိုးပေးနိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ယုံကြည်မှုရှိတာဟာ အပြုသဘောဆောင်ပြီး တိုးတက်မှုရရှိစေပါတယ်။ လူရဲ့သဘောက ယုံကြည် ရင် အသက်တောင်ပေးဖို့ ဝန်မလေးတတ်ပါဘူး။

 

လေ့လာသင်ယူမှု

 

မြန်မာနိုင်ငံရဲ့နိုင်ငံရေးပဋိပက္ခတွေကို ချဉ်းကပ်ဖြေရှင်းရာမှာ အဓိကအားနည်းချက်အဖြစ် တွေ့ရတာက တစ်ဖက်စွန်းသဘောထားတွေနဲ့ လက်နက်ကိုင်ဖြေရှင်းတဲ့လမ်းစဉ်ကို ဖက်တွယ်ထားခြင်းပါပဲ။ အဲဒါတွေက ပြဿနာပြေလည်ရေးထက် သဘောထားကွဲလွဲမှုတွေကို နက်ရှိုင်းကျယ်ပြန့်စေပါတယ်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ ပြဿနာတွေကို ဘယ်လိုဖြေရှင်းခဲ့ကြသလဲဆိုတာ သိရှိခံစားခဲ့ကြရပြီး ဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ အကျိုးဆက်တွေကို ရလဒ်အခြေပြုသုံးသပ်မယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုး‌တွေပိုများခဲ့ပါတယ်။ တစ်ဖက်မှာလည်း လက်နက်ကိုင်ဖြေရှင်းရတဲ့ အကြောင်းပြချက်တွေ ရှိကောင်းရှိကြပါလိမ့်မယ်။ လက်နက်ကိုင်ဖြေရှင်းတဲ့ နည်းလမ်းဟာ နိုင်ငံရေးပြဿနာဖြေရှင်းဖို့ အခြားရွေးချယ်စရာနည်းလမ်း မရှိတဲ့အဆုံးသုံးရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ လက်နက်ကိုင်ဖြေရှင်းတဲ့အတွက် ဖြစ်လာတဲ့ ရလဒ်တွေဟာ နိုင်ငံ့အပေါ်၊ ပြည်သူ့အပေါ်ကို ဘယ်လိုမှအကျိုးမဖြစ်စေဘဲ ဆုတ်ယုတ်စေခဲ့ပါတယ်။ ဒီသမိုင်းဖြစ်ရပ်တွေဟာ ဘယ်သူမှငြင်းလို့မရတဲ့ အမှန်တရားတွေပါ။ ဒါကြောင့် နိုင်ငံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားရတဲ့ သဘောသဘာဝတွေကို ပိုမိုနားလည်အောင် ကြိုးပမ်းသင့်ပါတယ်။ ဒါမှ ပြဿနာဖြေရှင်းရေးကို အထောက်အကူ ဖြစ်စေမှာပါ။

အဲဒီလိုမဟုတ်ဘဲ ပြည်ထောင်စုသားအချင်းချင်းကြား သဘောထားကွဲလွဲတိုင်း လက်နက်ကိုင် တိုက်ခိုက်နေကြရင် ပဋိပက္ခတွေဟာ အတောမသတ်နိုင်ဘဲ ရှိနေပါလိမ့်မယ်။ ဒီတော့ ပြဿနာပြေလည်ရေး အထောက်အကူမဖြစ်တဲ့  သဘောထား၊ အပြုအမူနဲ့ နည်းလမ်းတွေကို ပြောင်းလဲကြဖို့လိုပါတယ်။ ဒါကို မျိုးဆက်သစ်တို့ သင်ခန်းစာယူကြရမှာပါ။ မျိုးဆက်သစ်တွေအနေနဲ့ အတိတ်ကဖြစ်ရပ်တွေကို ပြင်ဆင်လို့ မရပေမယ့် ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် ပြင်ဆင်နိုင်ခွင့်တွေ ပိုင်ဆိုင်ထားကြပါတယ်။ နိုင်ငံတော်ကို ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ပေးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပါတယ်။ အဲဒီ အခွင့်အလမ်းတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ဖို့ လိုအပ်မှာက ပြောင်းလဲမှုတွေ ဖြစ်ပါတယ်။ လိုအပ် တဲ့ပြောင်းလဲမှုများစွာထဲမှာမှ အဓိက ပြောင်းလဲရမှာ က မိမိကိုယ်မိမိ ဦးစွာပြောင်းလဲကြဖို့ ဖြစ်ပါတယ်။ လေ့လာသင်ယူမှုတွေဟာ အမူအကျင့်ကို ပြောင်းလဲစေတယ်လို့ဆိုပါတယ်။ ဒါဆိုရင်မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းက ဖြစ်ရပ်တွေအပေါ်မှာ လေ့လာသင်ခန်းစာမယူကြတဲ့အတွက် အမူအကျင့်တွေ မပြောင်းလဲနိုင်ကြဘဲ ပဋိပက္ခသံသရာကနေ ရုန်းမထွက်နိုင်တာလို့ ကောက်ချက်ချရမလိုဖြစ်နေပါတယ်။

 

တစ်ခုတည်းသောနည်းလမ်း

 

အထက်မှာဆိုခဲ့သလို မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ တစ်ခုတည်းသောအဖြေက စည်းလုံး ညီညွတ်ရေးပါပဲ။ ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းနည်းကသာ နိုင်ငံရဲ့ပဋိပက္ခတွေကို အထိ ရောက်ဆုံးနဲ့ ပေးဆပ်မှုအနည်းဆုံး ဖြေရှင်းနိုင်တဲ့ နည်းလမ်းဖြစ်မှာပါ။ ညီညီညွတ်ညွတ်နဲ့မဖြေရှင်းဘဲ အချင်းချင်း လက်နက်ကိုင် တိုက်ခိုက်နေကြရင် ပေးဆပ်မှုတွေ၊ ဆုံးရှုံးမှုတွေအပြင် သူများတွေထက် နောက်ကျ ကျန်နေဦးမှာပါ။ အဲဒီအကျိုးဆက်တွေဟာ ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေပါတယ်။ ဒီတော့ ပြဿနာတစ်ရပ်ကို ချဉ်းကပ်ဖြေရှင်းတဲ့ ကိုယ်ရဲ့သဘောထား၊ ရည်ရွယ်ချက်၊ လုပ်ဆောင်တဲ့ နည်းလမ်းနဲ့ ထွက်လာတဲ့ရလဒ်တွေဟာ ပြဿနာဖြေရှင်းဖို့ မှန်ကန်ကိုက်ညီရဲ့လားဆိုတာ ပြန်လည် သုံးသပ်ဖို့လိုနေပါပြီ။

သင်္ချာတစ်ပုဒ်တွက်သလို ဘယ်လိုနည်းနဲ့ပဲတွက်တွက် အဖြေရဖို့ကအဓိကလို့ ဆိုလို့မရပါဘူး။ တတိယအင်အားစုဖြစ်တဲ့ ပြည်သူလူထုအတွက် ဦးစားပေးစဉ်းစားကြဖို့လိုပါတယ်။ ဒါကြောင့် ပေးဆပ်မှု၊ ဆုံးရှုံးမှုနဲ့ ဘေးထွက်ဆိုးကျိုး အနည်း ဆုံးဖြစ်တဲ့နည်းလမ်းက ပြည်ထောင်စုသားအချင်း ချင်း ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းခြင်းပဲဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုနဲ့သာ အပြုသဘောဖြေရှင်းနိုင်ပါလိမ့်မယ်။