တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တွေ့ဆုံ

mdn

နေပြည်တော်   ဇန်နဝါရီ  ၅
    
တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တိုင်းရင်းသားရေး ရာဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ကြသည်။
    
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားရေးရာ ဝန်ကြီးများအနေဖြင့် မိမိတို့၏အဓိက လုပ်ငန်းတာဝန်များအပြင် မြန်မာ့ပထဝီနိုင်ငံရေးနှင့် ကမ္ဘာ့ပထဝီနိုင်ငံရေး အကြောင်းတို့ကို ဆက်စပ်လေ့လာသိရှိထားရန် အရေးကြီးပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုရရှိရေးနှင့် ငြိမ်းချမ်းရေး အတွက် မိမိတို့ဝန်ကြီးဌာနတွင်လည်း တာဝန်ရှိပါကြောင်း၊ တိုင်းရင်းသား စာပေသင်ကြားရေး ကိစ္စ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးကိစ္စ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆွေးနွေးကြရန်ဖြစ်ပါ ကြောင်း၊  မအားလပ်သည့်ကြားမှ မျက်မှောက် ကမ္ဘာ့နိုင်ငံရေးအခြေအနေများကို ဆွေးနွေးရန် တက်ရောက်ပေးပါသော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
    
ထို့နောက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က International Affairs Update News ခေါင်းစဉ်ဖြင့် မျက်မှောက် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကိုလည်းကောင်း၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဟူသော စကား နှင့်အညီ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သင့်သည့် အချက်များကိုလည်းကောင်း ဟောပြောဆွေးနွေးသည်။ 
    
ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများက မိမိတို့ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဖြေကြား၍ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြသည်။
    
၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဆွေးနွေးပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်ကြစေလိုပါကြောင်း၊ “ရည်မှန်း ချက်ပန်းတိုင်ရောက်ဖို့ ရှေ့သို့လုပ်ဆောင်ကြစို့” Keep Moving Forward to Achieve Our Goal ဆိုသည့်အတိုင်း အလုပ်ကို ရှေ့တိုးလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း နိဂုံးချုပ်အမှာစကား  ပြောကြားသည်။  

(သတင်းစဉ်)