တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ 

နေပြည်တော်  အောက်တိုဘာ ၆
    
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများ အတွက် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    
ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများအား ပညာရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရေးအတွက် ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးရခြင်း ဖြစ်ပါကြောင်း၊ မိဘများအား မှာကြားလိုသည်မှာ မိမိတို့၏သားသမီးများကို အဓိကအားဖြင့် ပညာအမွေ ပေးကြစေလိုပါကြောင်း၊ ထို့အတူ ပေါင်းသင်းဆက်ဆံရေးတွင် လူတိုင်းနှင့် သဟဇာတဖြစ်စေရန်၊ ရည်မှန်းချက်ထားရှိတတ်သူဖြစ်စေရန်၊ သဘောထားကြီးသူဖြစ်စေရန်၊ မနာလိုစိတ်ကင်းစေရန်၊ မျှဝေတတ်စေရန်၊ ကူညီတတ်စေရန်၊ စည်းကမ်းရှိစေရန်၊ အကျင့် စာရိတ္တကောင်းမွန်သူဖြစ်စေရန်၊ ကြိုးစားတတ်သူဖြစ်စေရန်အတွက် ငယ်စဉ်ကပင် ပြုစု ပျိုးထောင်ပေးရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ပညာကို အရွယ်မရွေး လေ့လာ လိုက်စားကြစေလိုပါကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။

    ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ကျောင်းသုံးဗလာစာအုပ်များ ကို ပေးအပ်ရာ ကျောင်းသားမိဘများကိုယ်စား ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများအလိုက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က လက်ခံရယူပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ 
(သတင်းစဉ်)