တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ  

နေပြည်တော် ၂၉ ဇူလိုင်  


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်သည့် ဗလသိဒ္ဓိ ရပ်ကွက်တိုက်အမှတ် ၂၂၁၆ ဝန်ထမ်းအိမ်ရာ ပတ်ဝန်းကျင်၌ ကျင်းပသည်။ 


အခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးသည်။  ထို့အတူ ဒုတိယဝန်ကြီးက ခရေပင်ကို စိုက်ပျိုးပေးပြီး ညွှန်ကြားရေးမှူးချုပ်များက သတ်မှတ်နေရာများတွင် ပျိုးပင်များကို စိုက်ပျိုးပေး ကြသည်။


ထို့နောက် အရာထမ်းအမှုထမ်းများက သစ်ပင်ပျိုးပင်များကို သတ်မှတ်နေရာများ၌ စုပေါင်းစိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က သစ်ပင်ပျိုးပင်များ စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။ 


အဆိုပါ စိုက်ပျိုးသည့် အပင်များ ရှင်သန်ဖြစ်ထွန်းရေးအတွက် အိမ်ရာရှိ ဝန်ထမ်းများက အနီးကပ် တာဝန်ယူပြုစု ထိန်းသိမ်းနိုင်ရေး တာဝန်ခွဲဝေ ပေးအပ်ထားကြောင်းသည်။


ယနေ့အခမ်းအနားတွင် ကျွန်း၊ ပျဉ်းကတိုး၊ တမလန်း၊ ပိတောက် နှစ်ရည်ပင်များအပါအဝင် ကံ့ကော်၊ ခရေ ပင်များနှင့် ပိန္နဲ၊ ဒန့်ဒလွန်၊ ကင်ပွန်းချဉ် စသည့် သီးပင်စားပင်များ စုစုပေါင်း (၁၅၇)ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ 


(သတင်းစဉ်)