မြစ်ကြီးနား ဇူလိုင် ၁၄

 

ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနားမြို့၌ ကျင်းပမည့် ၂၀၂၆ ခုနှစ် တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အသင်းများအတွက် အားကစားဝတ်စုံများနှင့် ချီးမြှင့်ငွေများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားခန်း ၌ ကျင်းပသည်။

 

ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့်အတူ ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကချင်မျိုးနွယ်စု ခြောက်မျိုး၊ ရှမ်းမျိုးနွယ် စု ငါးမျိုး၊ ဗမာ၊ ရခိုင်၊ ကရင်၊ ချင်း၊ နာဂတိုင်းရင်းသား မျိုးနွယ်စု ၁၆ မျိုးမှ ပြိုင်ပွဲဝင်ဘောလုံးအသင်း ၁၆ သင်းအတွက် ပြိုင်ပွဲဝင်အသင်းဝတ်စုံများနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ထို့နောက် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရေစင်ကွင်းဈေးအား မြို့တော်အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင်နိုင်ရေးအတွက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ရေစင်ကွင်းဈေးအတွင်း ကွင်းဆင်းစစ်ဆေးကာ ဈေးရောင်း/ ဈေးဝယ်များအား ရောင်းဝယ်ဖောက်ကားမှု အခြေအနေနှင့် ဈေးအဆင့်မြှင့်တင် ပေးမည့်အပေါ် ဈေးသူ ဈေးသားများ၏ သဘောတူညီမှုကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)