တို့ပြည်အခြေခိုင်မြဲ မယိုင်လဲအောင် ပေါင်းရုံးလို့ အားအင်ဖြည့်ကြပါစို့....

ကိုရေချမ်း

ယနေ့ကာလမှာ အခြေအနေအချိန်အခါနဲ့ ကိုက်ညီတဲ့ သီချင်းစာသားတစ်ပိုဒ်ကို သတိရမိပါတယ်။ မူရင်းစာဆို ရွှေတိုင်ညွန့်ရေးစပ်ပြီး ခေတ်ဟောင်း အဆိုတော်ကြီး မေလှမြိုင် သီဆိုထားတဲ့ “ဗမာ့ကြွေးကြော်သံ” သီချင်းမှ သံပြိုင်သီဆိုထားတဲ့ သီချင်းစာသားလေးကို လူလတ်ပိုင်း၊ လူကြီးပိုင်းအရွယ်တိုင်း ကြားဖူးကြမှာဖြစ်ပါတယ်။ ဒီသီချင်းသံလေးကို ကြားလိုက်ရတဲ့အခါတိုင်း နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်၊ တိုင်းပြည်ကို ကာကွယ်လိုစိတ်တွေ နိုးကြားထက်သန်စေပါတယ်။

“တာဝန်တွေ ကိုယ်စီ သိထားစေ၊ လိုမည် သတိတရားတွေ၊ တို့ပြည်ကြီးကို ကာကွယ်လေ၊ တို့ပြည်ကြီးကို ကာကွယ်လေ၊ တို့အခြေခိုင်မြဲ မယိုင်လဲအောင်ပေ၊ (ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေ) ပေါင်းရုံးလို့ အားအင်ဖြည့်ပါလေ” ဆိုတဲ့ သံပြိုင် တေးတစ်ပိုဒ်ဟာ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအားလုံး နိုင်ငံတော်ကာကွယ်ရေးမှာ ပါဝင်ထမ်းဆောင်ကြဖို့ နှိုးဆော်ပေးထားတာ ဖြစ်ပါတယ်။ ဒီသီချင်းကို စတင်ရေးဖွဲ့သီဆိုစဉ် အချိန်က လွတ်လပ်ရေးကြိုးပမ်းမှုကာလဖြစ်လို့ ပြည်ပနယ်ချဲ့ကျူးကျော်မှုအန္တရာယ်ကို တွန်းလှန်ဖို့ မြန်မာ့တပ်မတော်ကို  စုပေါင်းအားဖြည့်ပေးဖို့ နှိုးဆော်ထားတဲ့သီချင်း ဖြစ်ပါတယ်။

တိုင်းပြည်ကာကွယ်ရေး

လွတ်လပ်ရေးရရှိပြီးချိန် ကာလမှာလည်း ပြည်ပရန်၊ ပြည်တွင်းရန်တွေကို တွန်းလှန်ကာကွယ်ပေးဖို့ မူရင်းအဆိုပါသီချင်းကိုပဲ ခေတ်အဆက်ဆက် ပြန်လည်သီဆိုခဲ့ကြတာကို  တွေ့ရပါတယ်။ တိုင်းပြည်မှာ ပြည်သူဟာ အဓိကဖြစ်ပါတယ်။ ကာကွယ်ရေးအတွက် ပြည်သူ့အားဟာ အဓိက အကျဆုံးဖြစ်ပါတယ်။ တိုင်းပြည်ကို ကာကွယ်ဖို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဟာ စနစ်ကျတဲ့ မဟာဗျူဟာတစ်ခုဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မှာ စစ်မှုထမ်းဥပဒေ ရှိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်အတွက် လိုအပ်မှုမရှိသေးတဲ့အတွက် အကျုံးဝင်တဲ့ နိုင်ငံသူ နိုင်ငံသားတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာတွေ မပြုလုပ်ခဲ့ပါဘူး။

နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေးတိုက်ပွဲဝင်ကာလ  ၁၉၄၁ ခုနှစ် ဒီဇင်ဘာလမှာ သခင်အောင်ဆန်း ဦးဆောင်တဲ့ လူငယ်တစ်စုက ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ဖွဲ့စည်းခဲ့ပါတယ်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ အင်အား ၂၀၀ နဲ့ စတင်ဖွဲ့စည်းခဲ့ပြီးတဲ့နောက် ဗမာ့လွတ်လပ်ရေးတပ်မတော်မှာ စစ်မှုထမ်းဆောင်ဖို့ စည်းရုံးခဲ့ကြတာ ခြောက်လ/ခုနစ်လအတွင်း အင်အားငါးသောင်းအထိ စည်းရုံးနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးတိုက်ပွဲဝင်ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် စစ်ကိုတိုက်ချင်သည်ဖြစ်စေ၊ မတိုက်ချင်သည်ဖြစ်စေ မြန်မာနိုင်ငံသားတွေအနေနဲ့ တပ်မတော်မှာ ပါဝင်ကြဖို့  ပြောကြားခဲ့ပါတယ်။ ဒီအင်အားတွေနဲ့ပဲ နယ်ချဲ့နဲ့ ဖက်ဆစ်ကို တွန်းလှန်နိုင်ခဲ့ပါတယ်။

သမိုင်းမှတ်တမ်းတွေ

မြန်မာ့သမိုင်းတစ်လျှောက်က စစ်ချီပွဲတွေကို ကြည့်မယ်ဆိုရင် ရှေးမင်းတွေဟာ တိုင်းရင်းသားတွေကို ကျောသား၊ ရင်သား မခွဲခြားဘဲ အရည်အချင်းရှိရင်ရှိသလို တာဝန်ပေးအပ်ခဲ့ပါတယ်။ ထို့အတူ တိုင်းရင်းသားအပေါင်းနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေကလည်း သစ္စာရှိရှိ ညီညီညွတ်ညွတ်နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အန္တရာယ်ဟူသမျှကို ကာကွယ်ခဲ့တဲ့ သမိုင်းဖြစ်ရပ် တွေရှိခဲ့ပါတယ်။

နိုင်ငံတော်ကာကွယ်ရေးမှာ တိုင်းရင်းသားတွေသာမက မြန်မာ့မြေမှာနေပြီး မြန်မာ့ဆန်ကိုစားတဲ့ နိုင်ငံခြားသားတွေဖြစ်တဲ့ တရုတ်၊ ယိုးဒယား၊ ကသည်း၊ ပေါ်တူဂီနဲ့ ပသီ(မွတ်စလင်)တွေလည်း တိုင်းရင်းသားတွေနဲ့အတူ တစ်စိတ်တစ်ဝမ်းတည်း နိုင်ငံတော်အတွက် သက်စွန့်ကြိုးပမ်းထမ်းရွက်ခဲ့တာကို ဟံသာဝတီ ဆင်ဖြူရှင်မင်းတရားကြီး ကိုယ်တိုင် လင်းဇင်းချီတပ်နဲ့ သီဟိုဠ်ချီတပ်မှတ်တမ်းတွေက သက်သေခံလျက်ရှိပါတယ်။

အနော်ရထာမင်းလက်ထက်မှ ကုန်းဘောင် ခေတ်နောက်ဆုံးအထိ တပ်မတော်ဖွဲ့စည်းပုံမှာ မင်းနေပြည်တော် အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးပြင်လေးရပ်ကို စောင့်ရှောက်ရတဲ့ ထောင်မှူးလေးဦး၊ သူရဲ ၄၀၀၀ မှတစ်ပါး အမြဲတမ်းဖွဲ့စည်းထားတဲ့ တပ်မတော်မရှိခဲ့ပါဘူး။ စစ်မက် အရေးပေါ်ပေါက်လာတဲ့အခါမှသာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကျန်းမာသန်စွမ်းတဲ့သူတွေကို ဆင့်ခေါ်စုရုံး ဖွဲ့စည်းပြီး တိုက်ခိုက်စေပါတယ်။ တိုက်ခိုက်ဖို့ အတွက် ၁၀၀၀ ပြု၊ ၈၀၀ ပြု၊ ၄၀၀ ပြု၊ ၃၀၀ ပြု၊ ၂၀၀ ပြု၊ ၁၀၀ ပြု၊ ၈၀ ပြု၊ ၅၀ ပြု၊ ၃၀ ပြု၊ ၂၀ ပြုအထိ အသီးသီးမြို့ပြတည်ရပါတယ်။ ထောင်ပြုမြို့မှာ စစ်မက်အရေးအခင်း ပေါ်ပေါက်လာခဲ့သော် ရဲမက် ၁၀၀၀ ပေးရပါတယ်။ ရှစ်ရာပြုမြို့မှာ ရဲမက် ၈၀၀ ပေးရပါတယ်။ ဒီလိုပဲ သုံးဆယ်ပြုမြို့က ရဲမက် ၃၀၊ နှစ်ဆယ်ပြုမြို့က ရဲမက် ၂၀ အသီးသီးပေးရပါ တယ်။ မြန်မာတစ်နိုင်ငံလုံး ဒီနည်းနဲ့ ရဲမက် ၃၀၀၀၀၀ ရနိုင်လို့ မြန်မာနိုင်ငံကို သုံးသိန်းပြုလို့ သတ်မှတ်ခဲ့ပါတယ်။ ဒီစနစ်ကို စတင်တီထွင်သူဟာ အနော်ရထာမင်း ဖြစ်ပါတယ်။

စစ်မှုထမ်းဆင့်ဆို

စစ်သူကြီးမဟာဗန္ဓုလရဲ့ အမိန့်တော်ဆင့်စာမှာ “တပ်ပါဗိုလ်၊ စစ်ကဲ၊ တပ်မှူးတို့။ အမိန့်တော်နှင့် စစ်ကြောင်းချီမည်။ လိုက်ပါထမ်းရွက်သင့်သော ရဲမက်တို့သည် မျက်စိ မှုံမွဲ၊ တိမ်စွဲ၊ မျက်ခမ်းစပ်၊ ပန်းနာ၊ ဒူလာ၊ မှင်တက်ရောဂါ၊ အိပ်ရာယောင်ယမ်း၊ ကိုယ်ထက် ဒူးရှည် ပေါင်ရှည်၊ ခြေသိမ်၊ လက်သိမ်၊ အသက် ၂၀ မပြည့်သူ၊ အသက် ၅၀ ကျော်သူ၊ ခေါင်းရှုပ်သူ၊ ထိုထိုသူတို့ကို တပ်ပါရဲမက်ဆို၍ အခန့် အထားမရှိစေနှင့်။ ဆိုခဲ့သော လူတို့ကို ချန်လှပ်၊ တပ်တော်ပါသင့်သော လူတစ်ကိုယ်လျှင် ၂ ပြည်ဝင် ဆန်စလွယ် ၁၊ လွှာဖိနပ်၊ ဆူးထွင်းအပ် ကိုယ်စီပါစေ။ အသီးသီးလက်နက်ကိုင်ကြသည့် မြို့ကျေးရွာတို့ သို့ စာတိုစာရှည်နှင့်ဆင့်” လို့ ပြည်သူ့စစ်မှုထမ်း ဆင့်ဆိုတဲ့အမိန့်ကို တွေ့ရပါတယ်။

လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့  စစ်မဟာဗျူဟာက ပြည်သူ့ စစ်မဟာဗျူဟာ  ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အသင့်တော်ဆုံး ပြည်သူ့စစ်မဟာဗျူဟာကို ၁၉၆၄ ခုနှစ် တပ်မတော်တပ်မှူးများ ညီလာခံမှစလို့ ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ၁၉၆၇ ခုနှစ်မှာ ပြည်သူ့ စစ်မဟာဗျူဟာကို ရေးဆွဲခဲ့ပါတယ်။ တပ်မတော် အနေနဲ့  စစ်စည်းရုံးနိုင်မှုစွမ်းရည်နဲ့  ပြည်သူ့ စစ်မဟာဗျူဟာကို ဖော်ဆောင်နိုင်မှုစွမ်းရည်တွေကို ပြည်ပကျူးကျော်မှုဖြစ်တဲ့ တရုတ်ဖြူ ကူမင်တန် ကျူးကျော်မှုကာလ၊ ပြည်တွင်းသောင်းကျန်းမှု အရှိန်မြင့်နေတဲ့ကာလတွေမှာ ဆောင်ရွက်ခဲ့ပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသ၊  ပဲခူးရိုးမဒေသတွေမှာ ပြည်သူအားလုံးပါဝင်တဲ့ ပြည်သူ့စစ်မဟာဗျူဟာကို အောင်မြင်စွာ ဆောင်ရွက်နိုင်တာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပြည်တွင်းသောင်းကျန်းမှုတွေ လည်း တစ်ပေါင်းတည်း ချုပ်ငြိမ်းသွားခဲ့ပါတယ်။

ပြည်သူ့စစ်မှုထမ်းနိုင်ငံများ

ကမ္ဘာပေါ်မှာ စစ်မှုမထမ်းမနေရ ပြဋ္ဌာန်းထားတဲ့ နိုင်ငံ ၁၈ နိုင်ငံခန့် ရှိပါတယ်။ တချို့ဆိုရင် National Service (အမျိုးသားစစ်မှုထမ်းစနစ်) နဲ့ ဆောင်ရွက်ကြပါတယ်။ ဒီစနစ်နဲ့ ဆောင်ရွက်ရာမှာ စစ်မှုထမ်းဆောင်ဖို့အတွက် ဥပဒေပြဋ္ဌာန်းပြီး စစ်မှု ထမ်းဆောင်ခြင်းမရှိတဲ့ နိုင်ငံတွေရှိပါတယ်၊ စစ်မှုထမ်းဆောင်တဲ့ ဥပဒေပြဋ္ဌာန်းပြီး မဖြစ်မနေ စစ်မှုထမ်းဆောင်စေတဲ့ နိုင်ငံတွေလည်းရှိပါတယ်၊ ထူးခြားတဲ့ အခြေအနေတစ်ရပ်မှာ ဥပဒေပြဋ္ဌာန်းပြီး စစ်မှုထမ်းစေတဲ့ နိုင်ငံတွေလည်းရှိပါတယ်၊ စစ်မှု မဖြစ်မနေထမ်းဆောင်တာနဲ့ ဆန္ဒအရ စစ်မှုထမ်းဆောင်စေတာ နှစ်မျိုးစလုံး ကျင့်သုံးတဲ့နိုင်ငံတွေလည်း ရှိပါတယ်။ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး စစ်မှုထမ်းစေတဲ့နိုင်ငံတွေက တပ်မတော်မှာ တာဝန်ထမ်းဆောင်ရာမှာ အရပ်ဘက်လုပ်ငန်းတွေ၊ လက်နက်မကိုင်ရတဲ့လုပ်ငန်းတွေ၊ တိုက်ပွဲမဝင်ရတဲ့ နေရာတွေမှာ ရွေးချယ်အမှုထမ်းရတဲ့ နိုင်ငံတွေလည်းရှိပါတယ်။ ဥပဒေပြဋ္ဌာန်းပြီး တာဝန် ထမ်းဆောင်ရာမှာ ရွေးချယ်ပိုင်ခွင့်မရှိတဲ့ နိုင်ငံတွေလည်းရှိပါတယ်။

ဥပမာအားဖြင့် ဂျာမနီ၊ အီရန်၊ မလေးရှား၊ မက္ကဆီကို၊ နော်ဝေ၊ ရုရှား၊ စင်ကာပူ၊ တောင်ကိုရီး ယား၊ ဆွီဒင်၊ တူကီယဲ စတဲ့နိုင်ငံတွေနဲ့ အိမ်နီးချင်း ထိုင်း၊ လာအိုနိုင်ငံတွေမှာ သူ့နိုင်ငံနဲ့သူ့ဟန် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး တာဝန်ထမ်းဆောင် လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဂျပန်ခေတ်အထိ ထောင်ပြုမြို့၊ ရာပြုမြို့၊ ဆယ်ပြုမြို့စသဖြင့် စစ်မှုထမ်းဆောင်ဖို့အတွက် မြို့အလိုက် တာဝန်ပေး ဆင့်ခေါ်ရင် မြို့အလိုက် လူဦးရေ တစ်ထောင်၊ ရာ၊ ဆယ် ပေးရတာတွေရှိပါတယ်။ လွတ်လပ်ရေးရပြီးတဲ့ အခါမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ ရှိလာပါတယ်။ ဒီဥပဒေကို ပြင်ဆင်ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို သတ်မှတ်ခဲ့ပါတယ်။ လက်ရှိအချိန်အခါမှာ လက်ရှိ နိုင်ငံရေးအခြေအနေ၊ နိုင်ငံတကာအခြေအနေ၊ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ အညီ ပြည်သူ့စစ်မဟာဗျူဟာအရ ပြည်သူအားလုံး ပါဝင်တဲ့ အမျိုးသားစစ်မှုထမ်းစနစ် မဖြစ်မနေ ကျင့်သုံးဖို့ လိုအပ်လာပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက် နိုင်ငံသားများရဲ့ မူလတာဝန်နဲ့ ဝတ္တရား ဥပဒေ ပုဒ်မ ၃၈၅ မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက် ရေးဟာ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၃၈၆ မှာ နိုင်ငံသားတိုင်း ပြဋ္ဌာန်းချက်တွေနဲ့အညီ စစ်ပညာသင်ကြားရန်နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အလားတူ နိုင်ငံသားတိုင်း စစ်မှုထမ်းဆောင်နိုင်ဖို့ အတွက်  တပ်မတော်ဟာ ပုဒ်မ ၂၀ (ဃ)မှာ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ ပြည်သူ တစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ဥပဒေပုဒ်မ ၃၃၉ မှာ နိုင်ငံတော်ကို ပြည်တွင်း/ပြည်ပ အန္တရာယ်တွေမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမယ်။ ပုဒ်မ ၃၄၀ မှာ တပ်မတော်ဟာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ သဘောတူညီ ချက်နဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက် ခွင့်ရှိတယ်။ တပ်မတော်ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်မယ်လို့ ပါရှိပါတယ်။ ထို့နောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ တစ်ရက် တည်းမှာ အရန်တပ်ဖွဲ့ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ ယခုအခါ အဆိုပါဥပဒေတွေနဲ့အညီ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် ပြည်သူအားလုံးပါဝင်တဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။

မွန်မြတ်တဲ့လုပ်ငန်းတစ်ရပ်

အကောင်အထည်ဖော်တဲ့အခါမှာ ပြည်သူတွေကြားမှာ ထောက်ခံမှုတွေရှိသလို တီးတိုးပြောဆိုမှုတွေနဲ့ ဆန့်ကျင်ဘက်လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေရဲ့ ဝေဖန်ပြောဆိုသံတွေကိုလည်း ကြားရပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းအကောင်အထည်ဖော်ရတဲ့ ရည်ရွယ်ချက်၊ ဆောင်ရွက်ချက်နဲ့ အကျိုး ရလဒ်တွေကို ပြည်သူတွေ သိရှိနားလည်ကြရင် သဘောပေါက်ကြမှာဖြစ်ပါတယ်။ 
အဓိကရည်ရွယ်ချက်က နိုင်ငံသားတိုင်းဟာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းဖို့ တာဝန်ရှိပါတယ်။

နိုင်ငံသားတွေအနေနဲ့ မိမိရပ်ရွာမှာ လုံခြုံစိတ်ချစွာ နေထိုင်လုပ်ကိုင်နိုင်ဖို့အတွက် မိမိတို့မြို့ရွာကို ကာကွယ်စောင့်ရှောက်ရေးဟာ မိမိတို့အရေး၊ မိမိတို့ အကျိုးစီးပွားဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ နိုင်ငံ တစ်ဝန်းလုံး လုံခြုံစိတ်ချရေးအတွက် ကာကွယ် စောင့်ရှောက်ရမှာဖြစ်ပေမယ့်လည်း မိမိတို့ မြို့ရွာကို နိုင်ငံချစ်စိတ်၊ ရပ်ရွာချစ်စိတ်နဲ့ တတ်နိုင်တဲ့ဘက်က ကာကွယ်စောင့်ရှောက်တာဟာ မွန်မြတ်တဲ့လုပ်ငန်းတစ်ရပ် ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ဖို့နဲ့ပတ်သက်လို့ သိသင့်သိထိုက်တာတွေကို သိရှိထားဖို့လိုအပ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ပါဝင်ထမ်းဆောင်ရာမှာ ဒီဥပဒေအရ  အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အမျိုးသားအားလုံးနဲ့ အသက် ၁၈ နှစ်မှ ၂၇ နှစ်အထိ အမျိုးသမီးများအားလုံး စစ်မှုထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ စက်မှုလက်မှုအပါအ၀င် ကျွမ်းကျင် ပညာရှင်ဖြစ်ရင်တော့ အသက် ၁၈ နှစ်မှ ၄၅ နှစ် အထိ အမျိုးသားအားလုံးနဲ့ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အမျိုးသမီးများအားလုံး အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဘယ်သူတွေ  ကင်းလွတ်ခွင့်ရမလဲဆိုတော့ သာသနာ့ဝန်ထမ်းတွေ (မည်သည့်ဘာသာ မဆို)၊ အိမ်ထောင်သည်အမျိုးသမီးတွေ (သားသမီးရှိတဲ့  အိမ်ထောင်ပျက်အမျိုးသမီးတွေအပါ) ဆေးစစ်ဆေးချက်အရ စစ်မှုထမ်းရန်မသင့်လျော်သူ၊ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က သီးခြားအမိန့်ထုတ်ပြန် ကင်းလွတ်ခွင့်ပြုတဲ့သူတွေကလွဲရင် အကျုံးဝင်သူအားလုံးဟာ  မဖြစ်မနေ  စစ်မှုထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

စစ်မှုထမ်းအခွင့်အရေးများ

စစ်မှုထမ်းကာလကို ကာလတို ယာယီရွှေ့ဆိုင်း ခွင့်ပြုတဲ့သူတွေကတော့ ယာယီဆေးအဆင့်နိမ့်နေ သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ ၊ ပညာသင်ကြားနေသူတွေ၊ အခြားပြုစုစောင့်ရှောက်မယ့်သူမရှိလို့ မိအို ဖအိုတွေကို ပြုစုလုပ်ကျွေးနေသူတွေ၊ မူးယစ် ဆေးဖြတ် ကုသမှုခံယူနေသူတွေနဲ့ ထောင်ဒဏ်ကျခံ နေရသူတွေ ဖြစ်ပါတယ်။ ကာလတို ယာယီရွှေ့ဆိုင်း ခွင့်ရတဲ့သူတွေအနေနဲ့ ယာယီရွှေ့ဆိုင်းခွင့်ပြုထားတုန်း အသက်ကန့်သတ်ချက်ကျော်လွန်သွားရင်လည်း ကင်းလွတ်ခွင့်မပြုဘဲ ဆက်ပြီးတာဝန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ စစ်မှုထမ်းကာလ ကတော့ သာမန်လူတွေအတွက် နှစ်နှစ် ဖြစ်ပြီး ပညာသည်တွေအတွက်ကတော့ သုံးနှစ် ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေတွေမှာတော့ မည်သူ့ကိုမဆို စစ်မှုထမ်းကာလ ငါးနှစ်အထိ တာဝန်ထမ်းဆောင်ဖို့ သက်တမ်းတိုးမြှင့်နိုင်ပါတယ်။ 

စစ်မှုထမ်းဥပဒေအရ အမှုထမ်းဆောင်ဖို့ ဆင့်ခေါ်ခြင်းခံရတဲ့မည်သူမဆို စစ်မှုစတင်ထမ်းတဲ့ နေ့ကစပြီး ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေကို လိုက်နာရမှာဖြစ်ပါတယ်။ အပြစ်တစ်စုံတစ်ရာ ကျူးလွန်မယ်ဆိုရင်တော့ စစ်မှုထမ်းကာလအတွင်း စစ်တရားရုံးကဖြစ်စေ၊ နယ်ဘက်တရားရုံးကဖြစ်စေ ချမှတ်တဲ့ပြစ်ဒဏ်ကာလကို စစ်မှုထမ်းကာလအတွင်း ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ သတ်မှတ် ကာလပြည့်တဲ့အထိ စစ်မှုထမ်းဆောင်ရမှာဖြစ်ပါတယ်။ အခွင့်အရေးတွေအနေနဲ့ကတော့ စစ်မှုထမ်း ကာလအတွင်း အဆင့်လိုက် လစာစရိတ်များ ခံစားခွင့်ရရှိမှာဖြစ်ပြီး တာဝန်ထမ်းဆောင်စဉ် ကျဆုံးခဲ့ပါက တပ်မတော်က သတ်မှတ်ထားတဲ့အတိုင်း ခံစားခွင့်များရရှိပါမယ်။

ပါရဂူဘွဲ့၊ အခြားအသက်မွေးဝမ်းကျောင်းဘွဲ့နဲ့  သတ်မှတ်အရည်အချင်းပြည့်မီသူတွေကို ပြန်တမ်းဝင်အရာရှိအဖြစ်  တိုက်ရိုက်ခန့်အပ်နိုင်တဲ့အချက်ကိုလည်း   ထည့်သွင်းပြဋ္ဌာန်း ထားပါတယ်။

စစ်မှုထမ်းဆင့်ခေါ်

စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို မြို့နယ်/ခရိုင်/တိုင်းဒေသကြီး/ဗဟို  အဆင့်တွေအထိ ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေက နှစ်စဉ် စစ်မှုထမ်းဖို့ အရွယ်ရောက်သူတွေ စာရင်းကို မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံ ဇန်နဝါရီလ ၁ ရက်နေ့ထက် နောက်မကျစေဘဲ အရောက်ပေးပို့ရမှာ ဖြစ်တယ်။ မြို့နယ်အဖွဲ့က အသက်ပြည့်မီသူတွေကို ဆင့်ခေါ်ပြီး မှတ်ပုံတင်ထားရှိကာ  လက်မှတ်ထုတ်ပေးသွားမှာဖြစ်လို့ လက်မှတ်ရရှိသူတွေကိုတော့ ဆေးစစ်ဖို့ဆင့်ခေါ်မှာ ဖြစ်တယ်။ စစ်မှုထမ်းဖို့ဆင့်ခေါ်စာကို သက်ဆိုင်ရာ ပုဂ္ဂိုလ်ကို တိုက်ရိုက်ပေးအပ်ရမှာဖြစ်ပြီး မတွေ့ရှိခဲ့ရင်တော့ မိသားစုဝင်တစ်ဦးဦးဆီ သက်သေ တစ်ဦးရှေ့မှာ ပေးအပ်ရပါမယ်။ ဒါဟာ ဥပဒေအရ သက်ဆိုင်ရာပုဂ္ဂိုလ် လက်ထဲကို ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို မှတ်ယူမှာဖြစ်ပါတယ်။ 

ပြစ်ဒဏ်တွေနဲ့ပတ်သက်လို့ကတော့ ပုဒ်မ ၂၃ အရ ၁။ မှတ်ပုံတင်ဖို့ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင် ၂။ ဆေးစစ်ဖို့ဆင့်ခေါ်ချိန်မှာ  ပျက်ကွက်ရင် ၃။ စစ်မှုထမ်းဖို့ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင် ၄။ မှတ်ပုံတင်ချိန်မှာ အကြောင်းအရာတစ်ခုခုကို လိမ်လည်ရေးသားဖော်ပြရင် ၅။ စစ်မှုထမ်းဆောင်ပြီး နှစ်စေ့လို့ပြန်ရောက်လာတဲ့သူကို အလုပ်ရှင်က မူလအလုပ်/ ရာထူးမှာ ခန့်အပ်ဖို့ ငြင်းဆန်ရင် ထောင်ဒဏ် ၃ နှစ်ထိကျခံရမှာဖြစ်တယ်။ ပုဒ်မ ၂၄ အရ စစ်မှုထမ်းခြင်းမှ ရှောင်လွှဲဖို့အတွက် ၁။ ရောဂါရှိ ဟန်ဆောင်ခြင်း ၂။ တမင်ရောဂါရအောင်လုပ်ခြင်း ၃။ ရောဂါကိုမပျောက်အောင် ပိုဆိုးလာအောင် လုပ်ခြင်း ၄။ အနာတရ ဖြစ်အောင်လုပ်ခြင်းတို့အတွက် ကျူးလွန်သူက ထောင်ဒဏ်(၅)နှစ်ကျခံရမှာဖြစ်ပြီး စစ်မှုထမ်းဆောင်ခြင်းမှ ရှောင်လွှဲဖို့ အတွက် အားပေးသူကူညီသူဟာ ၁။ အရပ်သားဆို ထောင်ဒဏ် (၁)နှစ် ၂။ ဝန်ထမ်းဆိုရင် ထောင်ဒဏ် (၃)နှစ်ကျခံရမှာဖြစ်သလို ရဲအရေးပိုင်တဲ့ ပြစ်မှုတွေ အဖြစ် သတ်မှတ်ထားပါတယ်။


ပုဒ်မ ၂၃ နဲ့ ၂၄ ကို ကျူးလွန်သူတွေဟာ ပြစ်ဒဏ်ကျခံပြီးနောက်  စစ်မှုထမ်းဆောင်ဖို့ ပြန်လည်သတင်းပို့ရမှာပဲဖြစ်ပါတယ်။ ဒီဥပဒေဟာ ပြဋ္ဌာန်းထားပြီးဖြစ်လို့ သမ္မတ သို့တည်းမဟုတ် လုပ်ပိုင်ခွင့်ရှိသော အာဏာပိုင်ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်က အသက်သွင်းတဲ့နေ့မှာ စတင် အသက်ဝင်မှာဖြစ်ပြီး လွှတ်တော်ကို တင်ပြစရာ မလိုတော့ပါ။ ကဲ - ဒီလောက်ဆိုရင် ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ သိရှိထားသင့်တဲ့ အချက်အလက်တွေ  ပြည့်စုံလောက်ပြီဖြစ်ပါတယ်။ 

မြန်မာနိုင်ငံသား  တစ်ယောက်အနေနဲ့ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေး၊ ကာကွယ်ရေး၊ သာယာဝပြောရေးလုပ်ငန်းတွေမှာ  ပါဝင် ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံကိုချစ်တဲ့ စိတ်နဲ့ တိုင်းပြည်ကာကွယ်ရေးမှာ ကြည်ဖြူစွာ ပါဝင်ကြဖို့ လိုအပ်ပါတယ်။ ခေတ်ဟောင်းအဆိုတော်ကြီး ဒေါ်မေလှမြိုင် သီဆိုထားတဲ့အတိုင်း “တို့ပြည်ကြီးကို ကာကွယ်လေ၊ တို့အခြေခိုင်မြဲ မယိုင်လဲအောင်ပေ၊ (ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေ) ပေါင်းရုံးလို့ အားအင်ဖြည့်ကြပါစို့လေ”လို့ ဆိုလိုက်ရပါတယ်။     ။

ကိုးကားချက် - 
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ 
(၂) ပြည်သူ့စစ်မှုထမ်းဥပဒေ (၂၀၁၀)၊ 
(၃)  စိန်လွင်လေး၏ မြန်မာ့စစ်မှတ်တမ်းများနှင့် သေနင်္ဂဗျူဟာများ။