တို့ရိုးရာသင်္ကြန် မြန်မာ့ယဉ်ကျေးမှုအမွေ ကမ္ဘာတစ်ခွင် ပျံ့နှံ့ထင်ရှားကျော်ကြားစေ . . .

ခင်သန်းမြင့်

ဒီနှစ်ရန်ကုန်မှာ ပိတောက်ပန်းတွေ စောစောစီးစီးပွင့်ကြတယ်။ မတ်လနောက်ဆုံးပတ်မှာ မိုးပြေးလေးကလည်း “တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုးသင်္ကြန်မိုး” နဲ့ရောပြီး တစ်ဖြိုက်နှစ်ဖြိုက်ရွာလိုက်တော့ ပိတောက်တွေကလည်း ဝေဝေဆာဆာပွင့်လိုက်ကြတာ၊ အချို့နေရာတွေများဆိုပင်လုံးကျွတ်မျှပဲ။ တစ်ချက်တစ်ချက် လေပြေအဝှေ့မှာ ပိတောက်ရနံ့တွေက သင်္ကြန်အငွေ့အသက်တွေကို သယ်ဆောင်လာသလို ခံစားရတော့ စိတ်ထဲကြည်နူးလိုက်တာလွန်ပါရော။

သင်္ကြန်ကျတော့မယ်။ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကြီးကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် နေပြည်တော်၊ ရန်ကုန်၊   မန္တလေးအပါအဝင်   မြို့ကြီးတွေမှာ ကြိုတင်ပြင်ဆင်နေကြပြီ။

 

ကလေး၊ လူကြီးတွေ ဆော့ကစားနိုင်အောင် စီစဉ်ဆောင်ရွက်ထား

 

နေပြည်တော်မှာ ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစား မဏ္ဍပ်တွေအပြင် လမ်းလျှောက်သင်္ကြန်ကိုလည်း မနှစ်ကလိုပဲ နေပြည်တော်-တောင်ညိုလမ်းမကြီးပေါ်မှာ ကျင်းပသွားမယ်။ လမ်းလျှောက်သင်္ကြန်အတွင်း နိုင်ငံကျော် တေးသံရှင်တွေရဲ့ ဖျော်ဖြေ တင်ဆက်မှုတွေ၊ DJ ဖျော်ဖြေတင်ဆက်မှုတွေအပြင် game ဇုန်ကြီးမှာ ကလေး၊ လူကြီးတွေ အပန်းဖြေ ဆော့ကစားနိုင်အောင်လည်း စီစဉ်ဆောင်ရွက် ထားတယ်လို့ဆိုတယ်။

အလားတူ ရန်ကုန်မြို့တော်နေ ပြည်သူများ မြန်မာ့ရိုးရာယဉ်ကျေးမှု   အစဉ်အလာနဲ့အညီ စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်ချမ်းမြေ့စွာ ဆင်နွှဲ နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က စီစဉ်ဆောင်ရွက်လျက်ရှိရာမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဆောက်လုပ်ဆဲရန်ကုန်မြို့တော် မဟာသင်္ကြန် မဏ္ဍပ်ကြီးကလည်း ဧပြီ ၁၀ ရက်မှာ အပြီးသတ်ပြီးစီးမယ်လို့ သိရတယ်။

 

လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းပြီး ကျင်းပသွားမယ်

 

ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်မှာ ယခင်နှစ်များနည်းတူ ယိမ်းအကပြိုင်ပွဲများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲများ၊  ရုပ်ရှင်ဂီတ အနုပညာရှင်များရဲ့ တေးသီချင်းဖျော်ဖြေတင်ဆက်မှုများ၊ သဘင်အနုပညာရှင်များရဲ့ ဖျော်ဖြေတင်ဆက်မှုများအပြင် လမ်းလျှောက်သင်္ကြန်ကိုလည်း ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ ဆိုတယ်။

ရန်ကုန်လမ်းလျှောက်သင်္ကြန်ပွဲကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းအကြား မဟာဗန္ဓုလပန်းခြံ လမ်းတစ်လျှောက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ရေမှုန် ရေမွှားလျှောက်လမ်း၊ ရေကစားမဏ္ဍပ်များ၊ ဂီတအနုပညာရှင်များရဲ့ ဖျော်ဖြေရေးမဏ္ဍပ်များ အပြင် စားသောက်ဆိုင်ခန်း ၁၅၀ ပါ ထည့်သွင်း ကျင်းပသွားမယ်လို့ သိရတယ်။ ပြည်သူ့ရင်ပြင်မှာလည်း ရေကစားမဏ္ဍပ်နဲ့အတူ လမ်းလျှောက်သင်္ကြန် ကို စီစဉ်ဆောင်ရွက်ထားတယ်။

ယဉ်ကျေးမှုမြို့တော် မန္တလေးမှာလည်း မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မဏ္ဍပ် ၂၀ ကျော်ခွင့်ပြုထားတယ်လို့ သိရတယ်။ ကျုံးဘေးပတ်လည်မှာ ဆောက်လုပ်မယ့် သင်္ကြန်မဏ္ဍပ်တွေ အတွက်လည်း အခွန်ကင်းလွတ်ခွင့်ပေးထားတယ်လို့ ဆိုတယ်။

ကျုံးမြောက်ဘက်၊ အနောက်ဘက်နဲ့ အရှေ့ဘက်ခြမ်းကို DJ မဏ္ဍပ်များ ခွင့်ပြုပေးသွားမှာဖြစ်ပြီး ကျုံးတောင်ဘက်ခြမ်းကို စည်ပင်နဲ့ ဌာနဆိုင်ရာ မဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များနဲ့ လမ်းလျှောက်သင်္ကြန် ပြုလုပ်သွားမယ်လို့ သိရတယ်။

ကျွန်မတို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း အခုနှစ် ၂၀၂၄ ခုနှစ် ဆုန်ခရန်သင်္ကြန်ပွဲတော်ကို ဘန်ကောက်မြို့တော်နဲ့ အခြားပြည်နယ် ၁၆ ခုမှာ ယခင်နှစ်ကထက် ပိုမိုကြီးကျယ်ခမ်းနားစွာ ကျင်းပဖို့ ထိုင်းအစိုးရအဖွဲ့က ဗဟိုရန်ပုံငွေထဲက ဘတ် ၁၀၄ သန်းကို ဘတ်ဂျက်အဖြစ် အသုံးပြုခွင့်ပေးခဲ့တယ်လို့ သိရတယ်။

 

ဆုန်ခရန်သင်္ကြန်ပွဲတော် ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိ

 

ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ရေသဘင်ပွဲတော်ဖြစ်တဲ့ ဆုန်ခရန်သင်္ကြန်ပွဲတော်ကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်လိုက်ပြန်တော့ ထိုင်းတွေအဖို့ ဒီနှစဆုန်ခရန်သင်္ကြန်ပွဲတော်ကို ကမ္ဘာ့ရေကစား ပွဲတော်အဖြစ် မြှင့်တင်နိုင်မယ့်အခွင့်အရေး ရသွား တာပေါ့။

အခုနှစ် ထိုင်းဆုန်ခရန်သင်္ကြန်ပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ဖို့ မြို့တော် ဘန်ကောက်မှာ ပြင်ဆင်နေသလို ချင်းမိုင်မှာ ကျင်းပမယ့် ချင်းမိုင်သင်္ကြန်ပွဲကိုလည်း ခရီးသွားဧည့်သည်သန်းနဲ့ချီလာရောက်ပြီး ထိုင်းဘတ်ငွေ ၂၀ ဘီလီယံ ဝင်ငွေရရှိနိုင်မယ်လို့ မျှော်မှန်းထားကြောင်း သိရတယ်။

ထိုင်းဆုန်ခရန်သင်္ကြန်တော်မှာ ဘန်ကောက်ရဲ့ လည်ပတ်သင့်တဲ့နေရာများအဖြစ် ခပ်ကြမ်းကြမ်း ရေသေနတ် တိုက်ပွဲတွေနဲ့ မြူးမြူးကြွကြွ တေးသံစုံပါတီပွဲတွေရှိတာကြောင့် နိုင်ငံခြားသားအများဆုံး လည်ပတ်ရာ နေရာဖြစ်တဲ့ နာမည်ကျော် ခေါက်ဆန်လမ်း၊ နေ့လယ်ရေကစား၊ ညဆို ဘားတွေ ရှိတဲ့ ဆူကိုဝစ်လမ်းနဲ့ စီးလုံလမ်းတစ်လျှောက်၊ ဖက်ရှင်အလန်းနဲ့ ရေကစားဖော်တွေတွေ့နိုင်တဲ့ Thong Lor ဧရိယာ စသဖြင့် မြန်မာခရီးသွားကုမ္ပဏီ တွေတောင် ကြော်ငြာနေကြတာ တွေ့ရတယ်။

 

သင်္ကြန်ပွဲတော်ကို ရှေးမြန်မာမင်းအဆက်ဆက် ကျင်းပလာခဲ့

 

ကျွန်မကတော့ မြန်မာပီပီ မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကိုပဲ ချစ်မြတ်နိုးတယ်။ မြန်မာသင်္ကြန် ပွဲတော်ဆိုတာ တကောင်းခေတ်ကတည်းကစတင်ပြီး ရှေးမြန်မာမင်းအဆက်ဆက် ကျင်းပလာခဲ့တဲ့ ပွဲတော်မဟုတ်ပါလား။

ပြီးတော့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဆိုတာ ရေပက်ကစားရုံသက်သက်ပွဲတော် မဟုတ်ဘဲ ထေရဝါဒဗုဒ္ဓဘာသာဝင်များပီပီ သင်္ကြန်ကာလမှာ အရပ်လေးမျက်နှာက အယုတ်အလတ် အမြတ်မရွေး အခမဲ့ဝင်ရောက်စားသုံးနိုင်တဲ့ စတုဒိသာအလှူမဏ္ဍပ်တွေနဲ့ လှူဒါန်းခြင်း၊ သက်ကြီးရွယ်အိုများကို တရော်ကင်းပွန်ရည်နဲ့ ခေါင်းလျှော်ပေးခြင်း၊ အကြော်ကရမက်နံ့သာများဖြင့်လိမ်းပေးခြင်း၊ ခြေသည်း လက်သည်း ညှပ်ပေးခြင်း၊ ဇီဝိတဒါနအဖြစ် ငါး၊ နွား၊ ငှက် စတဲ့တိရစ္ဆာန် များကို ဘေးမဲ့လွှတ်ခြင်း၊ ဥပုသ်သီလစောင့်တည်ခြင်း၊ ဒုလ္လဘရဟန်းခံခြင်း၊ သီလရှင်ဝတ်ခြင်း၊ တရား ရိပ်သာများမှာ ဝိပဿနာဘာဝနာစီးဖြန်းခြင်း စတဲ့ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်အဖြာဖြာကိုလည်း ဆည်းပူး အားထုတ်ကြတာပါ။

“နှစ်သစ်ကူးတဲ့၊ တန်ခူးအခါမှာ

ဒါနက တဝေဝေ၊ ရေတွေက တရွှဲရွှဲ

ပျော်ပွဲက တဝင့်ဝင့်၊ ကဲလို့သာ ဆင့်ရော

အရွယ်သင့် အရွယ်ငယ်

မြန်မာတွေ ထယ်လိုက်ကြ။” စတဲ့ ဆရာဇော်ဂျီရဲ့ “တခုသောသင်္ကြန်အခါ”ကဗျာမှာ မြန်မာတို့ရဲ့ သင်္ကြန်ဟာ အပျော်အပါးသက်သက်မဟုတ်ဘဲ ကုသိုလ်တရားပါဖက်တဲ့ ပွဲတော်အဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။

 

“လာဟေ့ လာဟေ့

ဘုရားကုန်းက၊ တအုန်းအုန်းနဲ့၊ တရုံးရုံးလာကြ

ဘယ့်နှာပါလိမ့်

ထိန့်လိုက်တဲ့အိုးစည်၊ နှဲကလဲ ပီသနဲ့

သီသူက သီကြ၊ ကသူက ကလာ

နွားကြီးလည်း ပါသဟေ့

ကျောပေါ်မှာကော်ဇော၊ အမွှေးရော သနပ်ခါး

ချိုဖျားမှာ ပိတောက်ပန်းတွေက

တလျှမ်းလျှမ်း ရွှေအဆင်

နွားစိတ်ထဲ အခဲသား ဝင်လိုက်ရ

ရွှင်လိုက်မည့်ဖြစ်ခြင်း . . .”

အပိုဒ်မှာလည်း မြန်မာလူမျိုးတွေဟာ ရှေးအစဉ်အဆက်ကတည်းက သင်္ကြန်ကာလမှာ ဇီဝိတဒါနအဖြစ် တိရစ္ဆာန်များကို ဘေးမဲ့လွှတ်လေ့ ရှိတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

 

သင်္ကြန်ပွဲတော်သည် ကုသိုလ်ရေးနဲ့ ဆက်နွှယ်နေတဲ့ ပွဲတော်များသာဖြစ်

 

တကယ်တော့ တန်ခူးလ သင်္ကြန်ပွဲတော် အပါအဝင် မြန်မာတို့ရဲ့ ၁၂ လ ရာသီပွဲတော်များဟာ အပျော်အပါးသက်သက်မဟုတ်ဘဲ ကုသိုလ်ရေးနဲ့ ဆက်နွှယ်နေတဲ့ အနှစ်သာရရှိတဲ့ ပွဲတော်များသာ ဖြစ်ပါတယ်။

ပါမောက္ခချုပ် ဆရာတော်ကြီးကလည်း “တပေါင်းလရာသီနှင့် သဲပုံစေတီပွဲတော်” တရားတော်မှာ “မြန်မာနိုင်ငံမှာ ၁၂ လရာသီ လတိုင်း လတိုင်းဟာလည်း ရာသီပွဲတော်တွေနဲ့ ပြည့်နှက် နေပြီးတော့ မြန်မာနိုင်ငံရဲ့ ရာသီပွဲတော်တွေဟာ ဗုဒ္ဓယဉ်ကျေးမှုနဲ့ ဆက်နွှယ်နေသည့်အတွက်ကြောင့်၊ ဘာသာတရားနဲ့ ဆက်နွှယ်နေသည့် အတွက်ကြောင့် မြန်မာ့ယဉ်ကျေးမှုလို့ပဲ ခေါ်ဆိုရမယ့်အနေအထား ရှိတယ်”။

 

ဗုဒ္ဓယဉ်ကျေးမှုနဲ့ မြန်မာ့ယဉ်ကျေးမှု တွဲဖက်

 

မြန်မာလူမျိုးတွေရဲ့ ဘာသာတရားကိုးကွယ်မှု ဟာ သာမန်အပေါ်ယံ ကိုးကွယ်မှုမဟုတ်တော့ဘဲ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ နှလုံးသားထဲ စိမ့်ဝင်ပြီးတော့ လူတွေအဖို့ဟာ ခွဲခြားလို့မရအောင် ဗုဒ္ဓယဉ်ကျေးမှုနဲ့ မြန်မာ့ ယဉ်ကျေးမှုဟာ တွဲဖက်နေတယ်။

သို့သော်လည်း ရံဖန်ရံခါခေတ်ပြောင်းသွားသည့်အတွက်ကြောင့် စိတ်သဘောထားတွေ ပြောင်းလဲမှု ဆိုတာကတော့ ကမ္ဘာ့နိယာမအနိစ္စသဘောတရားကြီးရဲ့ မမြဲတဲ့သရုပ်ကို ဖော်ခြင်းသာဖြစ်တယ်။ တစ်ချိန်တုန်းက မြန်မာနိုင်ငံတော်မှာ တပေါင်းလ ရာသီဆိုရင် သဲပုံစေတီပွဲတော် ဆင်ယင်ကျင်းပလေ့ ရှိကြတယ်။ ဒီကနေ့ခေတ်တော့ အသံကျယ်ကျယ် လောင်လောင်မကြားရဘူး။ သို့သော် တပေါင်း ပွဲတော်ဆိုပြီး မိမိဆက်နွှယ်ရာပွဲတော်တွေကို လုပ်ကြတယ်။ တန်ခူးလဆိုရင် သင်္ကြန်ပွဲတော် ရေသဘင်ပွဲ၊ ကဆုန်လဆိုရင် ညောင်ရေသွန်းပွဲတော်၊ ညောင်ရေသွန်းပွဲတော်ဆိုတာ ကိုးကွယ်ရာ ဘာသာတရားနဲ့ ဆက်နွှယ်ပြီးတော့ ကျင်းပတဲ့ပွဲ။ နယုန်လ ဆိုရင် စာအမေးအဖြေလုပ်တဲ့ စာသဘင်ပွဲတော်။

နယုန်လမှာ စာတွေမေးမြန်းလို့ အောင်ပန်းပန်ဆင်တဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်ပြီးတော့ ရှင်ရဟန်းအဖြစ် သွတ်သွင်းချီးမြှောက်။ ဝါဆိုလပွဲတော်ကျတော့ ပဉ္ဇင်းတော်ခံပွဲတော်တွေ လုပ်တယ်။

အထူးသဖြင့် မန္တလေးမြို့တည် မင်းတရားကြီး လက်ထက်က မန္တလေးမြို့မှာဆိုရင် ၁၂ ရာသီပွဲတော် တွေနဲ့ ခြိမ့်ခြိမ့်အုန်းစည်ကားပြီး လူတွေဟာ လအလိုက် ဘာသာရေးပွဲတော်များအဖြစ် စိတ်နှလုံး အေးချမ်းမှုနဲ့ ကုသိုလ်ရယူပြီးတော့နေကြတယ်။ အပျော်အပါးသက်သက်ရယ်လို့ မဟုတ်တော့ဘူး။ ဘာသာတရားတွေနဲ့ ဆက်နွှယ်ပြီးတော့ ဆင်ယင် ကျင်းပ၊ ဘာသာတရားကို အလေးအနက်ထားပြီး ကျင်းပတဲ့ပွဲတော်တွေဟာ တစ်ဖက်ကလည်း ပျော်ရွှင်မှုကိုရပြီး တစ်ဖက်ကလည်း ကုသိုလ်ကို ရရှိကြမှာဖြစ်တယ်။

ကုသိုလ်ကောင်းမှုနဲ့ မလွတ်ကင်းတဲ့ ဘာသာရေးပွဲတော်တွေ မြန်မာနိုင်ငံမှာအရင်က လစဉ်ရှိခဲ့တယ်ပေါ့။ ပြောရမယ်ဆိုရင် သင်္ကြန်ပွဲတော်သည်ပင်လျှင် ကုသိုလ်ရေးနဲ့ ဆက်နွှယ်ပြီးတော့ ဆင်နွှဲခဲ့ကြတာဖြစ်တယ်။ အပျော်သက်သက်မဟုတ်ဘူး။ သင်္ကြန်ကာလမှာ လူကြီးသူမတွေ ရေကန်တော့တယ်၊ ဘုရားရေသပ္ပာယ်တယ်။ လူကြီးတွေ ရေချိုး ပေးတယ်။ ရေကန်တော့ခြင်း၊ ရေသပ္ပာယ်ခြင်းကနေ ဆက်နွှယ်ပြီးတော့ တစ်ဦးနဲ့တစ်ဦး မေတ္တာရေကူးဖို့ တစ်ဦးနဲ့တစ်ဦး ကျီစယ်တဲ့အနေနဲ့ သပြေခက် ကလေးတွေနဲ့ ရေပက်ရာကနေပြီးတော့ အခုတော့ ပိုက်ကြီးတွေနဲ့ ထိုးပက်တဲ့အဆင့်ကို ရောက်သွားတယ်။ အားမရလို့ ထင်ပါရဲ့။ ပုံပျက်ပန်းပျက် နောက်ပိုင်းတော့ ဖြစ်လာတယ်။ ယဉ်ကျေးသိမ်မွေ့စွာ သပြေခက်နဲ့ ရေပက်တဲ့ အစဉ်အလာတစ်ခုဟာ ရေပိုက်ကြီးတွေနဲ့ထိုးပြီးတော့ တစ်ဖက်သား မခံနိုင်လောက်အောင်ပက်တာ ရန်ပွဲဖြစ်ဖို့ တာဆူလာတယ်။ အဲဒါတွေဟာ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ အနေနဲ့ ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ ကောင်းတယ်ပေါ့။

ယဉ်ကျေးမှုဆိုတာဟာ တစ်ဖက်သားရဲ့ အခွင့်အရေးကို နားလည်တာ၊ တစ်ဖက်သားကို စာနာ ထောက်ထားတတ်တဲ့ စိတ်နေသဘောထားကို ယဉ်ကျေးမှုလို့ပြောရမှာဖြစ်တယ်။ ယဉ်ကျေးမှု ဆိုတာ ဝတ်စားဆင်ယင်မှုကိုလည်း ယဉ်ကျေးမှုလို့ သတ်မှတ်လို့မရဘူး။ ဆံပင်ပုံစံထားတာကိုလည်း ယဉ်ကျေးမှုလို့ သတ်မှတ်လို့မရဘူး။

အကယ်၍သာ ခေါင်းပေါ်က ဆံပင်ပုံစံကို ယဉ်ကျေးမှုလို့ သတ်မှတ်မယ်ဆိုရင် မြန်မာလူမျိုး တွေရဲ့ခေါင်းမှာ ယောင်ပျောက်သွားတာကြာပြီ၊ ယဉ်ကျေးမှုမရှိတော့ဘူးလို့ ပြောရမှာဖြစ်တယ်။ သို့သော် ဆံပင်ထားတာဟာ Hairstyle သာ ဖြစ်တယ်ပေါ့။ ယဉ်ကျေးမှုလို့ ခေါ်လို့မရဘူး။ လူတွေရဲ့ နှစ်သက်တဲ့ ပုံပန်းသဏ္ဌာန်ကို ရွေးချယ်ပြီးတော့ မိမိတို့ဆံပင်ကို ထားပိုင်ခွင့်ရှိတာဖြစ်သောကြောင့် လူဆိုတာလှချင်တော့ လှမယ့်ပုံပန်း သဏ္ဌာန်တွေကို ခေတ်အလိုက်ပြုပြင်ပြီးတော့ ဆံပင်တွေကို ထားလာလိုက်ကြတာ ဒီနေ့ခေတ်မှာဆို Hairstyle ဆိုတာ အများကြီးဖြစ်လာတယ်။

ယဉ်ကျေးမှုလို့ သတ်မှတ်လို့ရတာက ဘာတုံးဆိုရင် မြန်မာလူမျိုးတွေရဲ့ စိတ်နေသဘောထား။ မိဘဘိုးဘွား၊ ဆရာသမားတွေကို ရိုသေတယ်၊ လေးစားတယ်။ လူကြီးသူမတွေကို ဦးစားပေးတယ်။ လူကြီးသူမတွေရဲ့ ရှေ့သွားတဲ့အခါ ခေါင်းလေးငုံ့ပြီး သွားတယ်။ တစ်စုံတစ်ခုကို ပေးစရာရှိလို့ရှိရင် လက်ကလေးနှစ်ဖက်နဲ့ တရိုတသေပေးတယ်။

အဲဒါကတော့ ယဉ်ကျေးမှုအစစ်ပဲ။ ဒီထက် စစ်တာကတော့ စိတ်ဓာတ်ပဲ။ ကျန်တာတွေ ဘယ်လိုပဲပြောင်းပြောင်း ကိုယ်အမူအရာ၊ နှုတ်အမူအရာစိတ်နေသဘောထားဆိုတာတွေ မပြောင်းဘူးဆိုရင် မြန်မာ့ယဉ်ကျေးမှုတွေ အပြည့်အဝရှိတယ်လို့ ပြောရမှာပဲ။

 

မြန်မာ့ယဉ်ကျေးမှုတွေ စောင့်ရှောက်ရမှာ မြန်မာတွေပဲဖြစ်

 

အဲဒီလို မြန်မာ့ယဉ်ကျေးမှုတွေ မပျောက်ကွယ် စေရအောင် ထိန်းသိမ်းစောင့်ရှောက်ရမှာ ဘယ်သူတွေတုံးဆိုရင် မြန်မာတွေပဲ ဖြစ်တယ်။ ကိုယ့်ယဉ်ကျေးမှုမှ ကိုယ်မထိန်းဘူးဆိုရင် ကိုယ်ဟာဘာလူမျိုးလဲလို့ မေးစရာ ဖြစ်လာတယ်။ ကိုယ့်လူမျိုးကိုယ် မြတ်နိုးတတ်ရမယ်၊ ကိုယ့်အမျိုး ဘာသာသာသနာကို မြတ်နိုးတတ်ဖို့လိုတယ်။ မြတ်နိုးတတ်ရမယ်။ တန်ဖိုးထားတတ်ရမယ်” စသဖြင့် ဟောဖော်ညွှန်ပြ ဆုံးမဩဝါဒပေးတော်မူခဲ့ပါတယ်။

ဒါကြောင့်မို့ လတ်တလောမှာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဟာ ထိုင်းဆုန်ခရန် သင်္ကြန်ပွဲတော်လို ကမ္ဘာမကျော်နိုင်သေးပေမယ့် ကျွန်မတို့ စိတ်ဓာတ်ကျစရာမရှိပါဘူး။ မြန်မာတွေ ကိုယ်၌ကသာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အမျိုးဘာသာ သာသနာကို လေးစားတန်ဖိုးထား မြတ်နိုးနေသမျှ ကျွန်မတို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကလည်း တစ်နေ့ကမ္ဘာမှာ ပျံ့နှံ့ထင်ရှား ကျော်ကြားလာမှာပါ။

 

“ဘယ်မြေဟာ စေတီပေါမယ်လဲ့

ဘယ်ပြေဟာ အပျော်ကျောမယ်လဲ့

စိတ်ဇော မြန်မာမှာဖြင့်

သံသရာ ဂရုထားသူမို့

ပါးလိုက်ကြ ပျော်ပျော်သာ

အခါက နှစ်ဆန်း”