တိုရန်တိုမြို့မှာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် အသွားလာ ကန့်သတ်မယ်

၂၁ နိုဝင်ဘာ

 

 

ကနေဒါနိုင်ငံရဲ့ အကြီးဆုံးမြို့ တိုရန်တိုမှာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှုကို တားမြစ်ရန် အသွားလာ ကန့်သတ်မှု (lockdown) ကို လာမယ့် တနင်္လာနေ့ကစပြီး ပြဋ္ဌာန်းသွားမယ်လို့ အွန်တာရီအို ပြည်နယ် အုပ်ချုပ်ရေးမှူး ဒေါ့ဖော့ဒ် သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

 

 

ပြည်နယ် အုပ်ချုပ်ရေးမှူးက အခြေအနေတွေဟာ အင်မတန် ဆိုးရွားနေကြောင်း၊ အဲဒါကို ကိုင်တွယ်ဖို့ လိုအပ်နေကြောင်း၊ အသွားအလာ ကန့်သတ်မှုတွေထဲမှာ အဆောက်အအုံ အတွင်းမှာ ကျင်းပတဲ့ စုဝေးမှုတွေကို ပါဝင်ကြောင်း၊ စည်းမျဉ်းစည်းကို မလိုက်နာခဲ့ရင် ကနေဒါဒေါ်လာ ၇၅၀ (အမေရိကန် ဒေါ်လာ ၅၇၀) ပေးဆောင်ရမှာဖြစ်ကြောင်း၊ အသွားအလာ ကန့်သတ်မှုဟာ အနည်းဆုံး ၂၈ ရက် ကြာမှာ ဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားပါတယ်။

 

 

အဆောက်အအုံ အပြင်မှာ ပြုလုပ်မယ့် စုဝေးမှုတွေမှာလည်း လူ ၁၀ ဦးသာ တက်ရောက်ခွင့်ရှိကြောင်း၊ အဲဒီလူဦးရေ ကန့်သတ်မှုဟာ ဘာသာရေးဆိုင်ရာ စုဝေးခြင်း၊ အသုဘ အခမ်းအနားနဲ့ လက်ထပ်မင်္ဂလာပွဲတွေပါ အကျုံးဝင်ကြောင်း သိရပါတယ်။

 

 

အားကစား ခန်းမတွေ၊ ကတ်စီနိုရုံ၊ အလှပြင်ခန်းတွေ ပိတ်ထားရမှာ ဖြစ်ပေမယ့် ကျောင်းတွေကို ဆက်လက် ဖွင့်ထားမှာဖြစ်ပါတယ်။ စားသောက်ဆိုင်တွေနဲ့ အရေးမကြီးတဲ့ ပစ္စည်းဆိုင်တွေ ဖွင့်ခွင့်ပြုမှာ ဖြစ်ပေမယ့် ပါဆယ်နဲ့ ပစ္စည်းကို delivery ပေးရန်နဲ့ ဆိုင်ကို လာရောက်ယူရန် အတွက်သာ ဖွင့်ထားမှာ ဖြစ်ပါတယ်။

 

 

ကနေဒါနိုင်ငံမှာ ပိုးတွေ့ရှိသူ စုစုပေါင်း ၃၁၇,၀၀၀  နဲ့ သေဆုံးသူ ၁၁,၂၇၃ ဦးရှိကြောင်း သိရပါတယ်။ နိုင်ငံမှာ ပြီးခဲ့တဲ့ ၇ ရက် အတွင်းမှာ နေ့စဉ်ပိုးတွေ့သူ ၄,၈၀၀ နီးပါးနဲ့ သေဆုံးသူ ၆၅ ဦးကျော် ရှိနေတာကို တွေ့ရပါတယ်။

 

 

ဝန်ကြီးချုပ်က ဒီဇင်ဘာလကုန်ပိုင်းမှာ နေ့စဉ်ပိုးတွေ့သူ ၆၀,၀၀၀ လောက်အထိ ရှိသွားနိုင်တဲ့အတွက် ဂရုစိုက်ကြဖို့ သတိပေးထားပါတယ်။

 

 

MDN

ကိုးကား - AFP

a111