တက္ကသိုလ် ကျောင်းသူလေးများထံမှ ပိုက်ဆံအိတ်နှင့် ဖုန်းလုပြေးသူအား ဖမ်းဆီးရမိ

တောင်ငူ  ၅  ဇူလိုင် 


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ နံပါတ် ၁ လမ်းနှင့် ဦးပန်းဖြူလမ်းထောင့်တွင် ဇူလိုင် ၄ ရက်နေ့ ည ၉ နာရီ အချိန်ခန့်က လက်ဖက်ရည်ဆိုင်မှ ပလာတာဝယ်ပြီး ပြန်လာသည့် တက္ကသိုလ်ကျောင်းသူ သုံးဦးထံမှ ဆိုင်ကယ် စီးနင်းလာသည့်လူငယ်တစ်ဦးက ဖုန်းနှင့်ပိုက်ဆံအိတ်အား လုယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ တောင်ငူမြို့ အမှတ် ၅ ရပ်ကွက်၊ ဦးပန်းဖြူလမ်းနေ တက္ကသိုလ်ကျောင်သူလေး သုံးဦးသည် ဆေးရုံကြီးထောင့်ရှိ လက်ဖက်ရည်ဆိုင်မှ ပလာတာဝယ်ယူပြီးပြန်လာစဉ် ဝေယံထွန်း ၂၀ နှစ်၊ တေဇာခင်ဦးလမ်းနေသူက ဆိုင်ကယ်ဖြင့်နောက်မှကပ်လိုက်လာပြီး မငြိမ်းစုထွန်းလက်ထဲတွင် ကိုင်ဆောင်ထားသည့် ဖုန်းနှင့်ပိုက်ဆံအိတ်အား လုယူ၍ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ 


အဆိုပါ အလုခံလိုက်ရစဉ် တက္ကသိုလ်ကျောင်းသူလေးများက အနီးဝန်းကျင်ရှိ ဆိုင်ကယ်မောင်းနှင်လာသူများအား အော်ဟစ် အကူအညီတောင်းသဖြင့် နောက်ကနေလိုက်ခဲ့ရာ ဝေဠုဝန်ဘုန်းကြီးကျောင်းရှေ့ နံပါတ် ၁ လမ်းပေါ်အရောက် ရှေ့မှ လုယက်ထွက်ပြေးသွားသူ စီးနင်းသည့်ဆိုင်ကယ်တိမ်းမှောက်သွားခဲ့ပြီးနောက် မြို့ခံများ၏အကူအညီဖြင့်ဝိုင်း ဝန်းဖမ်းဆီးရမိခဲ့ပြီး တောင်ငူအမှတ် ၂ နယ်မြေရဲစခန်းသို့ သတင်းပို့ခဲ့ခြင်းဖြစ်သည်။


ဖြစ်စဉ်နှင့်ပါတ်သက်၍ ပြစ်မှုကျူးလွန်သူ ဝေယံထွန်းအား ရဲစခန်းမှ လုယက်မှုရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 


ကိုလွင်(ဆွာ)