တက္ကသိုလ်အဆင့် ကင်းထောက်အခြေခံ သင်တန်းဆင်းပွဲ မိတ္ထီလာတက္ကသိုလ်တွင် ကျင်းပ

ရန်ကုန်  ၂၈  ဇူလိုင် 


တက္ကသိုလ် ကင်းထောက်မောင်မယ်များ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရေး လေ့ကျင့်ပြုစုပျိုးထောင်မှု အစီအစဉ်အရ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်မှ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ တက္ကသိုလ်/ကောလိပ်များတွင် တက္ကသိုလ်အဆင့် ကင်းထောက်အခြေခံ သင်တန်းများကို ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ တက္ကသိုလ်တွင် ဖွင့်လှစ်သည့် တက္ကသိုလ် အဆင့် ကင်းထောက်အခြေခံ သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ (၂)နာရီက မိတ္ထီလာ တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။


သင်တန်းဆင်းပွဲတွင်  ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ချုပ် ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်တို့က သင်တန်းဆင်း အမှာစကား ပြောကြားသည်။


ယင်းနောက် သင်တန်းသား သင်တန်းသူ ၁၆၅ ဦးက ကင်းထောက်အလံ ကိုင်ဆောင်၍ ကင်းထောက်ကတိ ခံယူ ကြသည်။


ထို့နောက် တစ်ဦးချင်းနှင့် အစုအဖွဲ့ အလိုက် ထူးချွန်ဆုများ၊ သင်တန်းဆင်း လက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ပြီး ဓကင်းထောက်ဂုဏ်ရည်ဓ နှင့် ဓငြိမ်းချမ်းရေးသံတမန်ဓ တေးသီချင်းများကို သင်တန်းဆင်း ကင်းထောက် လူငယ် ၁၆၅ ဦး သီဆိုကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

    အလားတူ တက္ကသိုလ်အဆင့် ကင်းထောက်အခြေခံသင်တန်း အမှတ်စဉ် (၂)ကို ရှမ်းပြည်နယ်ရှိ တောင်ကြီးတက္ကသိုလ်တွင် ဇူလိုင် (၂၆) ရက်မှ (၂၉) ရက်အထိ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး တက္ကသိုလ် အဆင့် ကင်းထောက် အခြေခံသင်တန်းများတွင် နိုင်ငံတကာ ကင်းထောက်သင်တန်း အလုပ်ရုံ ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် ကင်းထောက်ကြီးများနှင့် တက္ကသိုလ်ကောလိပ်များမှ ရိုဗာနည်းပြ ကင်းထောက် ခေါင်းဆောင်များက ကမ္ဘာ့ကင်းထောက်နှင့် မြန်မာနိုင်ငံ ကင်းထောက်ဖြစ်ပေါ်လာပုံ သမိုင်းမှတ်တိုင်၊ ကင်းထောက် ကတိနှင့် ကျင့်ဝတ်၊ ရှေးဦးသူနာပြုစုနည်းများ၊ စုပေါင်း တေးသီချင်းသီဆို လေ့ကျင့်ကစားနည်းများ၊ ကြိုးချည်နည်းများ၊ တဲထိုးနည်းများ၊ တောတွင်းစခန်းချ ခြေလျင်ခရီးကြမ်း လေ့ကျင့်မှု ပညာရပ်များနှင့် ငြိမ်းချမ်းရေး အထောက်အကူပြုစေမည့် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် နည်းပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။ 


(သတင်းစဉ်)