တက္ကသိုလ်လေ့ကျင့်ရေး တပ်မှသည်... နောင်တစ်ခေတ်၏ နိုင်ငံ့သားကောင်း အောင်စစ်သည်များ

 

ညောင်ဦးဖီး

 

တက္ကသိုလ်အရန်တပ်ရင်း (UTC) ကို ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်စဉ်က စစ်ပညာသင်ကြားရန် ဝါသနာပါသော ကျောင်းသားကျောင်းသူများ၊ ပထမကမ္ဘာစစ်မှ စစ်ပြန်များနှင့် ဖွဲ့စည်းခဲ့ပြီး စစ်ရေးပြ သင်တန်းများကို ဗြိတိသျှစစ်တပ်က ပို့ချခဲ့သည်။ ထိုစဉ်ကတက္ကသိုလ်အပျော်တမ်းတပ်ဟု ခေါ်ဆိုပြီး တပ်ဖွဲ့ဝင်များမှာ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘုရင်ခံအပါအဝင် ဂုဏ်ထူးဆောင်ဧည့်သည်များကို စစ်ရေးပြ အခမ်းအနားဖြင့် ကြိုဆိုရခြင်းဖြစ်သည်။

တက္ကသိုလ်အရန်တပ်ရင်း (University Train-ing Corps-UTC) ကို ၁၉၂၂ ခုနှစ် ဇွန်လတွင် ၁၉၂၀ အိန္ဒိယနယ်မြေ  တပ်ဖွဲ့ဥပဒေအခန်း (၁၂) အရ အမှတ်(၆) မြန်မာပြည်တပ်ရင်း၊ တက္ကသိုလ်လေ့ကျင့်ရေး အရန်တပ်ဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။

 

ကျောင်းသားများ စစ်ပညာတတ်မြောက်စေရန် ရည်ရွယ်ဖွဲ့စည်း

 

စတင်ဖွဲ့စည်းစဉ်က အရာရှိကိုးဦးနှင့် အခြားအဆင့် ၄၁၀ ရှိခဲ့ပြီး ကျောင်းသားများ စစ်ပညာ တတ်မြောက်စေရန်နှင့် ကိုယ်ကာယကြံ့ခိုင်စေရန် ရည်ရွယ်၍ဖွဲ့စည်းခဲ့သည်။ တက္ကသိုလ်တွင် ပညာ ဆည်းပူးပြီး‌နောက် အိန္ဒိယနယ်မြေတပ်ဖွဲ့သို့ ဝင်ရောက်လိုလျှင် ဝင်နိုင်ရန်ရည်ရွယ်၍ လေ့ကျင့်ပေးသည့် သဘောဖြစ်သည်။ အသက် ၁၆ နှစ် ပြည့်ပြီးသူနှင့် ၃၀ နှစ်ထက် မကျော်သူများ ဝင်ခွင့်ရရှိပြီး  ကျောင်းသားများသည်  အရပ်မီသူ၊ ကိုယ်ကာယကျန်းမာသန်စွမ်းသူ  ဖြစ်ရမည်ဟု သတ်မှတ်ခဲ့သည်။

စစ်ကြိုခေတ်တွင်  တက္ကသိုလ်ဘွဲ့နှင်းသဘင် အခမ်းအနား၌ တက္ကသိုလ်အဓိပတိ၏ ကိုယ်ရံတော်တပ်ဖွဲ့အဖြစ်  စစ်ရေးပြခြင်း၊ စစ်ချီတက်ခြင်း ပြုလုပ်ခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့အဖြစ်လည်း ဖွဲ့စည်း၍ တက္ကသိုလ် အဆောက်အအုံအသစ်များ၊ ဘွဲ့နှင်းသဘင်ခန်းမဆောင်နှင့် စာကြည့်တိုက်အဆောက်အအုံ အုတ်မြစ်ချပွဲတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ဌာနချုပ်ကို ထိုအချိန်က တက္ကသိုလ် ကောလိပ်တည်ရှိရာ ကော်မရှင်နာလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) တွင် ၁၉၂၂ ခုနှစ်မှ ၁၉၂၉ ခုနှစ်တိုင် ဖွင့်လှစ်ခဲ့သည်။ ၁၉၂၈ ခုနှစ် ဇွန်လတွင် တက္ကသိုလ်နယ်မြေအတွင်း တက္ကသိုလ်အရန် တပ်ရင်းဌာနချုပ်နှင့် လေ့ကျင့်‌ရေးကွင်းတို့ကို တက္ကသိုလ်၏ ထောက်ပံ့ငွေဖြင့် တည်ဆောက်ခဲ့ရာ ၁၉၂၉ ခုနှစ်တွင် ကမာရွတ်မြို့နယ်၊ အောက်ပုဂံလမ်းတွင် အဆောက်အအုံများ တည်ဆောက်မှု ပြီးစီးခဲ့သည်။

 

တက္ကသိုလ်အရန်တပ်ရင်း (ရန်ကုန်) ကို ပြန်လည်ဖွဲ့စည်း

 

တက္ကသိုလ်အရန်တပ်ရင်းတွင် သင်တန်းဖွင့်လှစ်မှုကို ၁၉၂၂ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ် မြန်မာပြည်သို့ ကူးစက်လာသောအခါ ၁၉၄၂ ခုနှစ်တွင် တက္ကသိုလ် အရန်တပ်ရင်း၏ ဆောင်ရွက်မှုများ ရပ်ဆိုင်းသွားခဲ့သည်။ ၁၉၅၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် တက္ကသိုလ်အရန်တပ်ရင်း (ရန်ကုန်) ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး စတင်ဖွဲ့စည်းစဉ်က တက္ကသိုလ်အရန်တပ်ရင်းကို စစ်ဝန်ထမ်းဌာနချုပ်ရုံး လက်အောက်တွင် ထားရှိခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် ပြည်စောင့်တပ် ညွှန်ကြားရေးမှူးရုံးအား ဖွဲ့စည်း၍ ၎င်းလက်အောက်တွင် ထားရှိခဲ့သည်။

 

အရေးကြုံလျှင် နိုင်ငံတော်ကာကွယ်ရေးတွင် ထမ်းဆောင်နိုင်ရန်ဖြစ်

 

၁၉၆၂ ခုနှစ်တွင် တက္ကသိုလ် အရန်တပ်ရင်း (ရန်ကုန်) အား ဖွဲ့စည်းပုံဇယားအမှတ်၊ ကဖ ၁၀၈ က ၆၂ အရ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး တပ်အမည်ကို အမှတ်(၁) တက္ကသိုလ်လေ့ကျင့်ရေးတပ်ဟု အမည်ပြောင်းလဲခဲ့သည်။ တပ်မတော်လေ့ကျင့်ရေးတပ်၏ ရည်မှန်းချက်တာဝန်သည် လက်ရှိအပျော်တမ်း တပ်ဖွဲ့ဝင်များဖြစ်သော တက္ကသိုလ်ကျောင်းသားများအား ၎င်းတို့၏ပညာသင်နှစ် ပြီးဆုံးသောအခါ အမြဲတမ်းတပ်မတော်သို့ အရာရှိနှင့် အကြပ်အဆင့်များအဖြစ် ဝင်ရောက်အမှုထမ်းဆောင်နိုင်ရေး သင့်လျော်ကိုက်ညီသော စစ်ပညာသင်တန်းပေးရန်၊ ထိုသို့လေ့ကျင့်သင်ကြား ပေးခြင်းအားဖြင့် အရေးကြုံလျှင် နိုင်ငံတော် ကာကွယ်ရေးတွင် ထမ်းဆောင်နိုင်ရန်အတွက် လေ့ကျင့်မှုရှိပြီး အရန်အင်အားစုတစ်ရပ်အဖြစ် စုဆောင်းထားရန်တို့ဖြစ်သည်။

အမှတ်(၁) တက္ကသိုလ်လေ့ကျင့်ရေးတပ်သည် တပ်ဖွဲ့ဝင်ကျောင်းသားအင်အား တပ်ခွဲ (တစ်)ခွဲလျှင် (၁+၁၅၁) ဦး၊ တပ်ခွဲ (၁၀) ခွဲတွင် (၁၅၂၀) ဖြင့် အခြေခံစစ်ပညာသင်တန်း တပ်သားကြီးအဆင့်မှ တန်းမြင့်စစ်ပညာသင်တန်း အကြပ်အဆင့်ထိ သင်ကြားပေးနိုင်ခဲ့သည်။

 

နိုင်ငံ့သားကောင်းများအဖြစ် မှတ်ကျောက်တင် ပြသနိုင်ခဲ့

 

တက္ကသိုလ်လေ့ကျင့်ရေးတပ်တွင် တက်ရောက်သင်ကြားခဲ့သော ကျောင်းသားတပ်ဖွဲ့ဝင်များမှ နယ်ဘက်နှင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ထင်ရှားသောပုဂ္ဂိုလ်များစွာ ပေါ်ထွန်းခဲ့သည်။ ထိုသို့ပေါ်ထွန်းလာမှုသည် ရန်ကုန်တက္ကသိုလ်ကြီး၏ ကျေးဇူးကို တစ်ထောင့်တစ်နေရာမှ ပြန်လည်ဆပ်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် တိုင်းပြည်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းများအဖြစ် စွမ်းဆောင်မှု ဂုဏ်ရည်ကို မှတ်ကျောက်တင်ပြသနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

အမိတက္ကသိုလ်ကြီးတွင် ပညာသင်ကြားစဉ် တက္ကသိုလ်လေ့ကျင့်ရေးတပ်၌ ကျောင်းသား တပ်ဖွဲ့ဝင်များအဖြစ် သင်တန်းတက်ရောက်ခဲ့သူများတွင် စစ်ဘက်နှင့်အရပ်ဘက်တို့၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရှားရှားပါးပါးပုဂ္ဂိုလ် ၃၀ ခန့်ကို မှတ်တမ်းတင်ထားခဲ့သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် ရင်ခွင်တွင် ပညာသင်ကြား၍ UTC တွင် သင်တန်းတက်ရောက် ခဲ့သူတို့အနက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်၊ ၁၉၆၀ ပြည့်နှစ် တွင် သင်တန်းတက်ရောက်ခဲ့သည့် လဝကဝန်ကြီး သီရိပျံချီ ဗိုလ်ချုပ်စိန်ထွား(ငြိမ်း)၊ နယက(အဖွဲ့ဝင်)၊ လကခချုပ်၊ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း(ငြိမ်း)၊ ကိုလိုနီခေတ်တွင် UTC တက်ရောက်ခဲ့ကြသည့် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဗိုလ်မှူးကြီးဝင်း(ငြိမ်း)၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၏သားဖြစ်သူ ဦးအောင်လက်ျာ၊ သံအမတ်ကြီးဦးပေါ်လွင်စိန်(ငြိမ်း)။

၁၉၆၉ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ သင်တန်း တက်ရောက်ခဲ့ကြသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဥပဒေကြမ်းပူးပေါင်းရေးကော်မတီဥက္ကဋ္ဌဦးဇော်မင်း၊ အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးဇော်ထွန်း (ငြိမ်း)၊ မြန်မာ နိုင်ငံရှေ့နေများအသင်း ဒုဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇေယျ၊ နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဦးမြင့်ဦး (ငြိမ်း)၊ စာရေး ဆရာရဲဘော်သစ်မောင်၊ ဒုဗိုလ်မှူးကြီး မောင်မောင်ဦး (ငြိမ်း)၊ ၁၉၇၂ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ သင်တန်း တက်ရောက်ခဲ့ကြသည့် ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်ကျော်သူ(ငြိမ်း)၊ ဗိုလ်မှူးကြီးဇော်လင်း၊ ၁၉၇၃ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ သင်တန်းတက်ရောက်ခဲ့သည့် စစ်သံမှူးဗိုလ်မှူးချုပ် အောင်ချိန် (ငြိမ်း)၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ၁၉၇၄ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ မြန်မာ နိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း(ငြိမ်း)၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်တင့်ဆွေ (ငြိမ်း)၊ ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ တက်ရောက်ခဲ့သည့် မန္တလေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမောင်သင်း (ငြိမ်း)၊ ၁၉၇၄ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ တက်ရောက်ခဲ့သည့် သင်္ချာဌာန ပါမောက္ခ(ဌာနမှူး)ဒေါက်တာတင်မောင်ဝင်း၊ ၁၉၈၀-၁၉၈၁ တွင် တက်ရောက်ခဲ့သည့် အမှတ်(၃) စစ်ဆင်‌ရေးအထူး အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် (ငြိမ်း)၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ကာကွယ်ရေးဝန်ကြီးဌာနရုံး အဖွဲ့မှူး ဗိုလ်မှူးချုပ် စိန်ထွန်းလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ ကုန်းလမ်း ပို့ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကံညွန့် (ငြိမ်း)၊ ၁၉၈၁-၁၉၈၂ တွင် တက်ရောက်ခဲ့သည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကျော်ကျော်ခေါင် (ငြိမ်း)၊ ၁၉၈၂-၁၉၈၃ တွင် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မြင့်နိုင်(ငြိမ်း)၊ ၁၉၈၅-၁၉၈၆ တွင် တက်ရောက်ခဲ့သည့် ကမ္ဘော ဒီးယားနိုင်ငံ စစ်သံမှူးဗိုလ်မှူးချုပ် ဝင်းကိုကို (ငြိမ်း)၊ အမှတ်(၃) သံမဏိစက်ရုံ စက်ရုံမှူး ဗိုလ်မှူးချုပ် မျိုးတင့်အောင် (ငြိမ်း) တို့ဖြစ်သည်။

အမိတက္ကသိုလ်ရင်ခွင်၌ ပညာသင်ကြားစဉ် ကာလအတွင်း UTC တွင် တက်ရောက်လေ့ကျင့် ခဲ့ကြပြီး အရပ်ဘက်၊ စစ်ဘက်ဆိုင်ရာတွင်လည်း တာဝန်ထမ်းဆောင်ရာ၌ ထူးချွန်သောစွမ်းဆောင်ရည်တို့ဖြင့် နိုင်ငံ့သားကောင်းများ ပီသစွာ နိုင်ငံတော်၏ တာဝန်တို့ကို ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြသည့် ပုဂ္ဂိုလ်ထူးများပင် ဖြစ်သည်။

 

UTC သည် ယနေ့တိုင် နိုင်ငံ့သားကောင်းများစွာ မွေးထုတ်ပေးခဲ့

 

ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ပြီးနောက် UTC သို့ တက်ရာက်ခဲ့ကြပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များနည်းတူ ပြင်ပလောကတွင် နေထိုင်ခဲ့ကြသည့် UTC ကျောင်းသားဟောင်းများ လည်းရှိသည်။ အချို့မှာ သက်ရှိထင်ရှားမရှိတော့ပေ။ ၁၉၈၈ ခုနှစ် မတိုင်မီနှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် လည်း UTC သည် စစ်ပညာသင်ကြားလိုသည့် ကျန်းမာကြံ့ခိုင်သော ကျောင်းသား ကျောင်းသူများကို လေ့ကျင့်သင်ကြား ပေးခဲ့သည်။ UTC သည် ကိုလိုနီခေတ်မှ ယနေ့တိုင် နိုင်ငံ့သားကောင်းများစွာကို လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး ရောင်စုံ ပန်းများ ဖူးပွင့်လျက်ရှိသည့် ပန်းဥယျာဉ်ကြီး တစ်ခုပမာ နိုင်ငံတော်တည်ဆောက်ရေးတွင် နိုင်ငံ့သားကောင်းများစွာ ပေါ်ထွန်းခဲ့သည်။

နိုင်ငံတော်ကာကွယ်ရေးတွင် မျိုးချစ်စိတ်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်မွေးဖွားရာ နေရာတစ်ခုအဖြစ် ဂုဏ်ယူဖွယ်တည်ရှိလျက်ရှိသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပျောက်ကွယ်ခဲ့သည့် တက္ကသိုလ်အရန်တပ်ရင်း (UTC) ကို နိုင်ငံတော် အစိုးရက ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထိုအချိန်က ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်နိုင်ခြင်း မရှိသော် လည်း မန္တလေးတက္ကသိုလ်နှင့် မော်လမြိုင် တက္ကသိုလ်တို့တွင် ဖွင့်လှစ်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တစ်ပြိုင်တည်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၅၂ ခုနှစ်တွင် တက္ကသိုလ်အရန်တပ်ရင်း (ရန်ကုန်) နှင့် (မန္တလေး) တို့ကို စတင်ဖွဲ့စည်းခဲ့ပြီး‌ ၁၉၅၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် တက္ကသိုလ်အရန်တပ်ရင်း (မော်လမြိုင်) ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် တက္ကသိုလ်အရန်တပ်ရင်းများကို တက္ကသိုလ် လေ့ကျင့်ရေးတပ်များအဖြစ် တိုးချဲ့ဖွဲ့စည်း ဖွင့်လှစ်ခဲ့သည်။

၁၉၅၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၆၆ နှစ်တာ ကာလအတွင်း တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ တပ်ဖွဲ့ဝင် စုစုပေါင်း ၄၇၀၁၀ အား လေ့ကျင့်ပေးခဲ့ပြီး တက္ကသိုလ်ဆရာ ဆရာမများအား တက္ကသိုလ် လေ့ကျင့်ရေးတပ် ပြန်တမ်းဝင်အရာရှိများအဖြစ် ၉၂ ဦးကို ခန့်အပ်ပေးနိုင်ခဲ့သည်။ ထိုအချိန်က ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဖေသိန်း တစ်ဦးတည်းသာ တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ တပ်မှူးချုပ် ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီးအဖြစ် ခန့်အပ်ပေးခဲ့သည်။

တက္ကသိုလ်ပညာ ဆည်းပူးနေစဉ်အတွင်း အကျင့်စာရိတ္တကောင်းမွန်သော၊ ကျန်းမာသန်စွမ်း သော၊ စစ်ပညာကို စိတ်ပါဝင်စား၍ တက်ကြွစွာဖြင့် သင်တန်းမှန်မှန် တက်ရောက်နိုင်သော၊ တပ်ဖွဲ့ဝင် အဖြစ် အနည်းဆုံးနှစ်နှစ် လေ့ကျင့်သင်ကြား နိုင်သော၊ တက္ကသိုလ်/ ကောလိပ်တို့တွင် အချိန်ပြည့် သင်တန်းတက်ရောက်နိုင်သော၊ မိုးရာသီစခန်းချ လေ့ကျင့်ရေးတွင်လည်း လိုက်ပါလေ့ကျင့်နိုင်သော ကျောင်းသား ကျောင်းသူများကိုသာ UTC တွင် လေ့ကျင့်သင်ကြားခွင့်ပေးခြင်းဖြစ်သည်။

 

mdn

 

ထိုသို့ လေ့ကျင့်သင်ကြားခွင့်ရရှိခြင်းသည် တပ်မတော်၏ ဓလေ့စရိုက်နှင့် သဘောသဘာဝတို့ကို နားလည်စေခြင်း၊ လက်ရုံးတပ်ဖွဲ့များနှင့် ဒေသတွင်းအထိမ်းအမှတ်နေရာများသို့ လေ့လာရေး ခရီးများသို့ သွားရောက်သည့်အတွက် ဒေသန္တရဗဟုသုတနှင့် အခြားဗဟုသုတတိုးပွားစေခြင်း၊ တပ်စုအဆင့်အထိ စစ်ပညာရပ်များအား လေ့ကျင့်သင်ကြားနိုင်သော အခွင့်အရေးရရှိခြင်း၊ အနာဂတ်တွင် လုပ်ငန်းနယ်ပယ် အသီးသီး၌ တိုင်းပြည်တာဝန် ထမ်းဆောင်ချိန်တို့တွင် တွေ့ကြုံရမည့် စိန်ခေါ်အကဲစမ်းမှု အခက်အခဲများကို ဖြေရှင်းနိုင်ခြင်းနှင့် ခေါင်းဆောင်မှုအရည်အသွေးများ တိုးတက်စေခြင်း၊ မြန်မာ့ရိုးရာကိုယ်ခံပညာရပ်ဖြစ်သော အနီးကပ် တိုက်ခိုက်နည်း (မြန်မာ့သိုင်း) ပညာရပ်အား သင်ကြားခွင့်ရရှိခြင်း၊ ပြည်သူ့စစ်အခြေခံ သဘော တရားများ သိရှိနားလည်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေးတွင် အရန်အင်အားစုများအဖြစ် အကျိုးပြုစေခြင်း၊ အဖွဲ့အစည်း စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်ခြင်း၊ အချိန်ကို အကျိုးရှိစွာ စနစ်တကျစီမံခန့်ခွဲအသုံးပြုတတ်ခြင်းနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် အရေးကြုံလာလျှင် နိုင်ငံသားတစ်ဦး အနေဖြင့် တစ်ထောင့် တစ်နေရာမှ တာဝန်ထမ်းဆောင်နိုင်ရန် အသင့် ဖြစ်စေခြင်း စသည့် အကျိုးကျေးဇူးများကို နိုင်ငံသား ကောင်းတစ်ဦးပီသစွာ ရရှိစေလျက်ရှိသည်။

အခြေခံစစ်ပညာဘာသာရပ်တွင် စစ်ရေးပြ (လက်နက်မပါ/လက်နက်ဖြင့်)၊ လက်နက်ငယ် ဘာသာရပ်၊ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှု၊ စစ်နည်း ဗျူဟာ(တပ်စိတ်)၊ အနီးကပ်တိုက်နည်း (မြန်မာ့ သိုင်း)၊ သဘောတရားရေးရာဘာသာရပ်၊ စစ်မြေပြင် အင်ဂျင်နီယာ၊ ကျန်းမာရေးနှင့် ရှေးဦးသူနာပြု၊ စက်ပစ်ကွင်း၌ လက်တွေ့ပစ်ခတ်ခြင်းနှင့် စုပေါင်းလေ့ကျင့်ခန်းတို့ကိုလည်းကောင်း၊ တန်းမြင့်စစ်ပညာသင်တန်းတွင် လက်နက်ငယ် ဘာသာရပ်၊ စစ်နည်းဗျူဟာ(တပ်စိပ်/တပ်စု)၊ အနီးကပ်တိုက်နည်း (မြန်မာ့သိုင်း)၊ သဘောတရားရေးရာဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာ၊ ကျန်းမာရေးနှင့် ရှေးဦးသူနာပြု၊ စက်ပစ်ကွင်းလက်တွေ့ ပစ်ခတ်ခြင်း၊ မြေပုံဖတ်နည်းနှင့် စုပေါင်းလေ့ကျင့် ခန်းတို့ကို လေ့ကျင့်သင်ကြား ပေးလေ့ရှိသည်။

ထိုသို့သင်တန်းတက်ရောက်စဉ်တွင် သာမန် သင်တန်းချိန်၌ စစ်ဝတ်ပစ္စည်း ရှစ်မျိုး၊ သင်တန်း ဆင်း ခရီးစရိတ်ကို ခရီးအကွာအဝေးအလိုက် ခံစားခွင့်ရှိခြင်းနှင့် မိုးရာသီ စခန်းချလေ့ကျင့်ချိန်တွင် စစ်ဝတ်ပစ္စည်း ၂၆ မျိုး၊ ရိက္ခာ/ရိက္ခာစိုငွေ၊ လက်ရှိခန့် အပ်စနစ်နှင့် ကိုက်ညီသောလစာစရိတ်နှင့် ဆံသ/ခဝါ စရိတ်တို့ ခံစားခွင့်ရရှိလျက်ရှိသည်။

 

နိုင်ငံသားတို့၏ ပင်ကိုစွမ်းရည်ကို ထုတ်ဖော်ပြသ

 

တက္ကသိုလ်လေ့ကျင့်ရေး အရန်တပ်ဖွဲ့၊ တက္ကသိုလ်အရန်တပ်ရင်းမှသည် တက္ကသိုလ် လေ့ကျင့်ရေးတပ်အဖြစ် ပြောင်းလဲလာခြင်းသည် တက္ကသိုလ်ကျောင်းသား ကျောင်းသူတို့၏ စစ်ပညာအပေါ် စိတ်ပါဝင်စားစွာ သင်ကြားလိုမှု၏ တက်ကြွလှုပ်ရှားမှုကြောင့်ပင်ဖြစ်သည်။ နိုင်ငံတိုင်းတွင် တပ်မတော်နှင့် တက္ကသိုလ်များ ရှိကြသည်။ အခြေခံပညာအဆင့်တွင် ကင်းထောက်အဖွဲ့များဖြင့် လည်းကောင်း၊ တက္ကသိုလ်ပညာအဆင့်တွင် တက္ကသိုလ်လေ့ကျင့်ရေး တပ်အဖြစ်လည်းကောင်း နိုင်ငံသူ၊ နိုင်ငံသားတို့၏ ပင်ကိုစွမ်းရည်ကို ထုတ်ဖော်ပြသမှုမှ နိုင်ငံတော်ကာကွယ်ရေး စွမ်းအား၏ တောင့်တင်းခိုင်မာမှုကို ကမ္ဘာ့နိုင်ငံများ၌ ထုတ်ဖော်ပြသလေ့ရှိသည်။ ထိုသို့စွမ်းဆောင်မှုတွင် မြန်မာနိုင်ငံလည်းပါသည်။

တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးမှု၊ မျိုးချစ်စိတ် ရှင်သန်မှုနှင့် နိုင်ငံတော်ကာကွယ်ရေးမှာ ကျောင်းသား ကျောင်းသူနှင့် လူငယ်တစ်ရပ်လုံး၏ အမျိုးသားရေး တာဝန်တစ်ရပ်ပင်ဖြစ်သည်။ တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) သည် နိုင်ငံ့သား ကောင်းများစွာကို မွေးထုတ်ပေးလျက်ရှိသည်။ ယခင်ကမွေးထုတ်ပေးခဲ့သည့် ကျောင်းသားဟောင်းများသည် ယနေ့တွင် တိုင်းပြည်တာဝန်ကို ဦးလည်မသုန် စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသည်။ နောင်တစ်ခေတ်၏ အောင်စစ်သည်များဖြစ်လာမည့် UTC ၏ တက္ကသိုလ် လေ့ကျင့်ရေး အရန်တပ်ဖွဲ့ဝင်များ သည်လည်း တိုင်းပြည်၏ အနာဂတ်တာဝန်ကို ပခုံး ပြောင်း ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ ဖြစ်သည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်မည့် ပုဂ္ဂိုလ်များစွာ တက္ကသိုလ် လေ့ကျင့်ရေးတပ် (UTC) မှ ပေါ်ထွန်းလာမည်ဖြစ်ရာ ထိုပုဂ္ဂိုလ်များသည် နောင်တစ်ခေတ်၏ နိုင်ငံ့သားကောင်း အောင်စစ် သည်များပင်ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားတင်ပြ လိုက်ရပါသည်။ ။

ကျမ်းကိုး-

- အမှတ်(၁) တက္ကသိုလ်လေ့ကျင့်ရေးတပ် ရည်မှန်းချက်တာဝန် အကောင်အထည် ဖော်မှု

- ရန်ကုန်တက္ကသိုလ် တက္ကသိုလ်လေ့ကျင့်ရေး တပ် သင်တန်းတက်ရောက်ရေးလမ်းညွှန်