တက္ကသိုလ်များဆိုင်ရာ ဘောလုံးနည်းပြသင်တန်းဖွင့်လှစ်

ရန်ကုန် ၁၀ စက်တင်ဘာ

တက္ကသိုလ်များဆိုင်ရာ ဘောလုံးနည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။ 

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တက္ကသိုလ်ဘောလုံးသမားဟောင်းများအသင်း ဥက္ကဋ္ဌ ဦးဘန်နီတင်အောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာ ဦးရဲဝင့်သူတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဘောလုံးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၄ နှစ်စီမံကိန်း ချမှတ်ဆောင်ရွက်လျက်ရှိပြီး ၎င်းစီမံကိန်းမှ အခန်းကဏ္ဍတစ်ခုဖြစ်သည့် MFF Coaching Certificate Course သင်တန်းမှာ နည်းပြများအား အသိပညာမြှင့်တင်ခြင်း ကဏ္ဍအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မြို့ပေါင်း ၃၀ တွင် ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

“အဓိက ကျွန်တော်တို့မိရိုးဖလာ အရိုးစွဲနေတဲ့ လေ့ကျင့်ခန်းတွေကို ပြောင်းပစ်ဖို့လိုတယ်။ လေ့ကျင့်ခန်းပြောင်းရတာ ပြဿနာမဟုတ်ဘူး။ လူတွေရဲ့ သိထားတဲ့အသိကို ပြောင်းပေးရတာ နည်းနည်းခက်ခဲတယ်။ အချိန်တစ်ခုလိုတယ်၊ စိတ်ရှည်ဖို့လိုတယ်။ အခုသင်တန်း ၆ ရက်တာကာလအတွင်းမှာ နည်းပြလုပ်မယ့်လူတွေ၊ နည်းပြဖြစ်လာမယ့် လူတွေကို သူတို့ရဲ့ အတွေးတစ်ခုပြောင်းလဲသွားအောင် ဒီမှာစပြီး မိတ်ဆက်ပေးမှာပါ” ဟု သင်တန်းနည်းပြ ဦးရဲဝင့်သူက ပြောကြားသည်။

ယနေ့ဖွင့်လှစ်သည့် MFF Coaching Certificate Course သင်တန်းသို့ သင်တန်းသား ၃၁ ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၆ ရက်ကြာမြင့်မည်ဖြစ်ကာ နံနက်ပိုင်းတွင် စာတွေ့ ၂ နာရီနှင့် လက်တွေ့ပိုင်း ၂ နာရီတစ်ကြိမ်၊ ညနေပိုင်းတွင် စာတွေ့ပိုင်း ၂ နာရီနှင့် လက်တွေ့ပိုင်း ၂ နာရီစီနှင့် တစ်နေ့လျင် ၈ နာရီကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

MFF Coaching Certificate Course သင်တန်းမှာ AFC “C” လိုင်စင်နှင့် တန်းတူဖြစ်ကြောင်း သိရသည်။ 

အခြားသောနိုင်ငံများတွင် အသက် ၅-၆ နှစ်မှစ၍ ဘောလုံးကို ပြုစုပျိုးထောင်လေ့ရှိသော်လည်း မိမိတို့နိုင်ငံတွင် အသက် ၁၅-၁၆ နှစ်မှသာလျှင် စတင်သည့်အတွက် ကွာဟမှုဖြစ်ပေါ်နေကာ တိုးတက်မှု နှောင့်နှေးနေခြင်းဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း