တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ စုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှု ဒုတိယမြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

 

ရန်ကုန် ဇူလိုင် ၉

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက် ၆ နာရီခွဲတွင် လသာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ ပြည်သူ့ ကျန်းမာရေးတက္ကသိုလ်သို့ သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များ ပူးပေါင်း အင်အားဖြင့် ကျောင်းဝင်းအတွင်း မြက်ပင်ချုံနွယ်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ခုတ်ထွင်းရှင်းလင်း၍ အလင်းဖွင့်ခြင်း၊ ပန်းခြံပြုပြင်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေးအတွက် စာသင်ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ကျောက်တံတားမြို့နယ် (၈)ရပ်ကွက်၊ (၃၉)လမ်းရှိ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၊ ပုဇွန်တောင်မြို့နယ် (၁)ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ သာကေတမြို့နယ်၊  ၇/အနောက်ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၄)ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းများသို့ သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များနှင့် ရပ်ကွက်နေ ပြည်သူများပူး ပေါင်းအင်အားဖြင့် ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာ သပ်ရပ်ရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းဆောင်များ ကြံ့ခိုင်မှုရှိစေရေး ပြန်လည်စစ်ဆေးဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

(သတင်းစဉ်)