တက္ကသိုလ်ဝင် စာမေးပွဲတွင် လုံခြုံရေးအင်းအား ၂၀ဝ၀ ကျော်ချမည်

မန္တလေး ၄ မတ်


မန္တလေးတိုင်းဒေသကြီး၌ မြို့နယ် ၂၈ မြို့နယ်ရှိပြီး စာစစ်ဌာနပေါင်း ၂၀၃ ခုတွင် စာဖြေသူ စုစုပေါင်း ၁၂၃၆၁၈ ဦး ဖြေဆိုမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးကာလုံခြုံရေးအင်အား ၂၀ဝ၀ ကျော် ချသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံက သိရသည်။


၂၀၁၉ တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် မေးခွန်းလုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် ပြည်တွင်းပြည်ပ အဖျက်သမားများ မြေပေါ်မြေအောက် အဖျက်သမားများနှင့် ဆန့်ကျင်ဘက် နိုင်ငံရေးပါတီ အဖွဲ့အစည်းများမှနည်းမျိူးစုံဖြင့် နှောက်ယှက်ခြင်းတို့ကို တားဆီးနိုင်ရန်လုံခြုံရေးအင်အား ချထားခြင်းဖြစ်သည်။


"ဘာကြောင့် လုံခြုံရေး အင်းအားချထားလဲဆိုတော့ ကလေးတွေကို အနှောက်အယှက် ကင်းဝေးစေရန်၊ စာဖြေနေတဲ့အချိန် ကောင်းစွာဖြေဆိုနိုင်စေရန် နောက်ပြီး ဖြေဆိုပြီးတဲ့ အဖြေလွှာတွေကို လုံခြုံစွာ သိမ်းဆည်းပြီး ပြန်လည်ပို့ဆောင်ရန်အတွက်ပါ" အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပမည် ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ သည် စာမေးပွဲ မဖြေဆိုမီ နာရီဝက်ခန့်အလို ရောက်ရှိစေရန်အတွက် လမ်းတိုင်းလမ်းတိုင်းတွင် ယာဉ်ထိန်းရဲများ အစောင့်ရဲများမှ ကားလမ်းများ ပိတ်ဆို့မှု များ မဖြစ်ပေါ်စေရန် လုပ်ဆောင်သွားမည် ဖြစ်သည်။


"တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူတွေ စာမေးပွဲဖြေမယ့်ရက်မှာ ကားပိတ်ဆို့ပြီး စာမေးပွဲဖြေခန်းထဲသို့  အရောက်နောက်ကျမှု မဖြစ်စေရန် မီးပွိုင့်တွေ အဓိက လမ်းတွေမှာ ယာဉ်ထိန်းရဲ အလုံအလောက်ချပေးသွားမှာပါ" ဟု မန္တလေးတိုင်းဒေသကြီး အမှတ် ၁၁ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေ ဆိုနေသည့် အချိန်နှင့် ညအချိန်တို့တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အသံချဲ့စက်များ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များမှ ဆောင်းဘောက်စ် ဆူညံသံများ မရှိစေရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်သည်။


၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၁၅ နေ့ထိ တက္ကသိုလ်ဝင်စာမေးပွဲအား ဖြေဆိုသွားမည် ဖြစ်သည်။


သူရိန်လင်း