တကယ်လက်ထပ်တာလား လူကုန်ကူးခံနေရတာလား

 

ခြူးစန္ဒီနွေး

ရေဘီရာကန်ဝယ်နဲ့ ကျန်းရှုချန်းတို့ဟာ ဇန်နဝါရီလအတွင်းကမှ လက်ထပ်ခဲ့ကြတဲ့စုံတွဲပါ။ လက်ထပ်ပြီးတဲ့နောက် အမျိုးသားရဲ့ ဇာတိဖြစ်တဲ့ တရုတ်နိုင်ငံကို လိုက်သွားခဲ့တဲ့ အခါမှာတော့ သူမထင်မှတ်ထားတာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ တရုတ်နိုင်ငံကို လိုက်သွားပြီး ရှစ်ရက်အကြာမှာတော့ ရေဘီရာဟာ ပါကစ္စတန်ကိုပြန်မှ ဖြစ်တော့မယ့်အခြေအနေမျိုး ဖြစ်လာခဲ့ပါတော့တယ်။

အနာဂတ်ပိုကောင်းမယ်လို့ယုံကြည်
ရေဘီရာရဲ့ မိဘတွေကတော့ သူတို့ရဲ့ သမီးဟာ ချမ်းသာတဲ့ တရုတ်မူဆလင် အမျိုးသားတစ်ဦးနဲ့ လက်ထပ်သွားခဲ့တယ်လို့ တစ်ထစ်ချ ယုံကြည်ခဲ့ကြပါတယ်။ သမီးဖြစ်သူရဲ့ အနာဂတ်ဟာ ပါကစ္စတန်မှာရှိစဉ်ကထက် ပိုပြီးကောင်းလာတော့မယ်၊ အဆင်ပြေတဲ့ဘဝတစ်ခု ပိုင်ဆိုင်လာတော့မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ရေဘီရာရဲ့ အသက်ကတော့ ၂၂ နှစ်သာ ရှိပါသေးတယ်။ ပန်ဂျပ်ပြည်နယ် အရှေ့ပိုင်း Gujranwala  မြို့က ဆင်းရဲတဲ့ အသိုင်းအဝိုင်းတစ်ခုမှာ ကြီးပြင်းခဲ့ရသူလည်း ဖြစ်ပါတယ်။ ရေဘီရာကတော့ သူလက်မထပ်ခင်ကတည်းက ဆိုးရွားတဲ့ ကိစ္စတစ်ခုခု ဖြစ်လာတော့မယ်ဆိုတာကို ခံစားမိခဲ့ပါတယ်။

မထူးဆန်းတဲ့ကိစ္စတစ်ခု
တစ်ဦးနဲ့တစ်ဦး ချစ်ကြိုက်တာမျိုးမဟုတ်ဘဲ စီစဉ်ပေးပြီး လက်ထပ်ပေးကြတဲ့ အစီအမံဟာ ပါကစ္စတန် အသိုင်းအဝိုင်းမှာ မထူးဆန်းတဲ့ကိစ္စ တစ်ခုပါပဲ။ ဒါပေမယ့် လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေကတော့ အရင်တုန်းက မကြုံဖူးတဲ့ အခြေအနေ မျိုးပါပဲ။ သတို့သားဖြစ်လာမယ့် ကျန်းဟာ သူ ့ကိုယ်သူ ချမ်းသာတဲ့ လယ်သမားတစ်ဦးအဖြစ် ရေဘီရာရဲ့ မိသားစုဝင်တွေကို မိတ်ဆက်ခဲ့ပါတယ်။ ခရီးသွားဗီဇာနဲ့ လအတန်ကြာ လာရောက်စဉ် ဒီလိုပြောပြီး ချဉ်းကပ်ခဲ့တာပါ။ သူဟာ တရုတ်-အူရဒူ ဘာသာပြန် အက်ပလီကေးရှင်းသုံးပြီး ရေဘီရာရဲ့ မိဘတွေကို ဆက်သွယ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ သတို့သမီးလောင်းရဲ့ မိသားစုဝင်တွေဆီက မျက်နှာသာပေးတာကို ခံရပါတော့တယ်။

ဘာသာမတူ
အဲဒီနောက်မှာတော့ ရေဘီရာဟာ လက်ထပ်ပြီး ခင်ပွန်းသည်ရဲ့ ဇာတိဖြစ်တဲ့ တရုတ်နိုင်ငံကို ဖေဖော်ဝါရီလအတွင်းမှာ လိုက်သွားခဲ့ပါတယ်။ ဟိုကိုရောက်မှ သိလိုက်ရတာက သူ့အမျိုးသားဟာ ချမ်းသာတဲ့လူ မဟုတ်သလို လယ်သမားလည်း မဟုတ်ပါဘူး။ ဒီထက်ပိုဆိုးတာက သူနဲ့ဘာသာတူ မူဆလင်လည်း မဟုတ်ခဲ့ပါဘူး။ အဖြစ်မှန်ကိုသိရပြီး ရက်အနည်းငယ် ကြာတဲ့အခါမှာတော့ သူဟာ တရုတ်နိုင်ငံမှာရှိတဲ့ ပါကစ္စတန်သံရုံးကို ဆက်သွယ်ပြီး အိမ်ပြန်ဖို့ လုပ်ပါတော့တယ်။ ကွာရှင်းခွင့် အတွက်ပါ ဆက်လက်ကြိုးစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ပါကစ္စတန်မှာ ကြုံတွေ့လာရတာကတော့ အမျိုးသမီးပေါင်း ၁၅၀ ထက်မနည်းကို ဟန်ဆောင်လိမ်ညာပြီး တရုတ်နိုင်ငံကို သတို့သမီးအဖြစ် ခေါ်ဆောင်သွား တာခံရတဲ့ အမှုတွေပါပဲ။ တချို့အမျိုးသမီးတွေဆိုရင် ပြည့်တန်ဆာလုပ်ဖို့အထိတောင် ဖိအားပေး ခိုင်းစေခံရတာတွေ ရှိလာပါတယ်။ တချို့တွေ ကျပြန်တော့လည်း အရက်ဆိုင်တွေ၊ အရက်ဘားတွေမှာ အလုပ်လုပ်ဖို့ ခိုင်းစေခံရတာတွေ ဖြစ်လာပါတယ်။ ဒီလိုမျိုးအလုပ်တွေဟာ ပါကစ္စတန်ရဲ့ ရှေးရိုးစွဲ မူဆလင်တွေကြားမှာ လုပ်လေ့လုပ်ထ မရှိတဲ့ အလုပ်တွေလည်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရေဘီရာ တွေ့ ကြုံခဲ့ရတဲ့ဖြစ်ရပ်ဟာ တရုတ်နိုင်ငံမှာတော့ မဆန်းတဲ့ဖြစ်ရပ်လို့ ဆိုရမှာပါ။

ကျား/မ အချိုးမညီမျှ
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကျား/မ အချိုးအစား မညီမျှဆုံးနိုင်ငံထဲက တစ်ခုပါ။ ၂၀၁၇ ခုနှစ်မှာ အမျိုးသားအရေအတွက် ၁၀၆ ဒသမ ၃ ဦး မှာမှ အမျိုးသမီးအရေအတွက်က ၁၀ဝ သာ ရှိပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေအရ သိရှိရတာပါ။ ဆယ်စုနှစ်သုံးစုကြာ တစ်အိမ်ထောင်လျှင် ကလေးတစ်ဦး မူဝါဒကြောင့် ဖြစ်လာရတဲ့ အကျိုးဆက်တွေလည်း ဖြစ်ပါတယ်။ အိမ်ထောင်စုတွေဟာလည်း မိန်းကလေးထက်စာရင် ယောကျာ်းလေးကို ပိုပြီးလိုချင်ကြပါတယ်။ ဒါကြောင့်လည်း ကျား/မ အချိုးအစားမညီမျှမှုတွေ ပေါ်ပေါက်လာ ခဲ့ပါတယ်။ တရုတ်နိုင်ငံအတွင်းမှာ ကျား/မ အချိုး အစားမညီမျှမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ဟာ အခြားနိုင်ငံတွေအထိပါ ရိုက်ခတ်လာခဲ့ပါတယ်။ တစ်အိမ်ထောင်မှာ ကလေးတစ်ယောက် မူဝါဒခေတ်မှာ မွေးဖွားလာတဲ့ ယောကျာ်းလေးတွေ လက်ထပ်ဖို့ အရွယ်ရောက်လာခဲ့တဲ့ အခါမှာတော့ သတို့သမီး မလုံလောက်မှုကြောင့် တိုင်းတစ်ပါးက သတို့သမီးတွေကို ရှာရတဲ့အခြေအနေ ဖြစ်လာခဲ့ပါတယ်။ တရုတ်အစိုးရက အခုနောက်ပိုင်း ကလေးမွေးဖွားရာမှာ ကန့်သတ်ထားမှုတွေကို ဖြေလျှော့ပေးခဲ့ပါတယ်။

အာရှတိုင်းပြည်တွေမှာလည်း တွေ့ကြုံရ
တရုတ်နိုင်ငံနဲ့ ပါကစ္စတန်တို့ စီးပွားရေးအရ အပြန်အလှန်ဆက်ဆံမှုတွေ အားကောင်းလာတဲ့အခါ လူကုန်ကူးမှုဆိုတဲ့ စွပ်စွဲမှုတွေလည်း ပေါ်ပေါက်လာပါတယ်။ တရုတ်လူမျိုး အများစုဟာ ပါကစ္စတန်ကို ရင်းနှီးမြှုပ်နှံသူအဖြစ်သော်လည်းကောင်း၊ အလုပ်သမားတွေအဖြစ်သော်လည်းကောင်း ဝင်ရောက်လာကြပါတယ်။ ပါကစ္စတန်အစိုးရကလည်း လူပွဲစားတွေကို နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံသားနဲ့ ပါကစ္စတန်နိုင်ငံသား နှစ်ဒါဇင် ထက်မနည်း ဖမ်းဆီးခဲ့ပြီး လူကုန်ကူးမှုနဲ့ တရား စွဲဆိုခဲ့ပါတယ်။ ဒါပေမယ့် တရုတ်သံရုံးကတော့ ပါကစ္စတန်သတို့သမီးတွေဟာ တရုတ်နိုင်ငံမှာ ဆိုးရွားတဲ့ အခြေအနေ တွေနဲ့ ရင်ဆိုင်နေရတယ် ဆိုတာကို ငြင်းဆိုခဲ့ပါတယ်။ ပါကစ္စတန်မှာ လက်ရှိ ဖြစ်နေတဲ့ အခြေအနေမျိုးဟာ အာရှတိုင်းပြည်တွေ ဖြစ်တဲ့ မြောက်ကိုရီးယား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့မှာလည်း ကြုံတွေ့နေရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအုပ်စုက ပြော ပါတယ်။ အမျိုးသမီးတွေဟာ မကောင်းတဲ့လုပ်ငန်း တွေမှာ အသုံးပြုတာခံရဖို့ သတို့သမီးအဖြစ် ခေါ်ဆောင်တာခံနေရပါတယ်လို့ လူ့အခွင့်အရေးအုပ်စုက ပြောပါတယ်။ ဒေသခံအမျိုးသမီးတွေနဲ့ လက်ထပ်ဖို့ တရုတ်အမျိုးသားတွေဟာ ပွဲစားတွေကို စီစဉ်ခိုင်းပြီး လက်ထပ်ပွဲအတွက် ကုန်ကျစရိတ် တွေအားလုံးကို အကုန်ခံပါတယ်။ တချို့တွေဆိုရင် သတို့သမီးရဲ့ မိဘတွေကို ဒေါ်လာထောင်နဲ့ချီပြီး ပေးပါတယ်လို့ ပါကစ္စတန်က စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ မိန်းကလေးတွေကို ဟန်ဆောင်လက်ထပ်ပြီး နောက်ပိုင်းမှာ ပြည့်တန်ဆာလုပ်ဖို့ ဖိအားပေး ခံရတာတွေကြောင့် လူကုန်ကူးခံရမှုအဖြစ် တရားစွဲဆိုလာကြတယ်။ အမျိုးသားတွေကိုလည်း မူဆလင်ပါဆိုတဲ့ ထောက်ခံချက်အတုတွေ လုပ်ပေးလာကြတယ်လို့ ပါကစ္စတန်စစ်ဆေးသူတွေ က ပြောပါတယ်။

ရေဘီရာရဲ့ မိဘတွေက သူတို့ရဲ့ အိမ်နီးချင်း ကောင်မလေးဟာ တရုတ်နိုင်ငံမှာ အဆင်ပြေနေပြီး ဒါကြောင့် သမီးလည်း တရုတ်နိုင်ငံရောက်ရင် ပျော်မှာပါလို့ သမီးဖြစ်သူကို ပြောခဲ့ကြပါတယ်။ လက်ထပ်ပွဲစားကနေတစ်ဆင့် တွေ့ဆုံခဲ့ရတဲ့ ရေဘီ ရာရဲ့ ခင်ပွန်းဖြစ်သူကတော့ သတို့သမီးရဲ့ မိသားစုဝင်တွေကို သူ့ကိုယ်သူ မူဆလင်ပါလို့ ပြောခဲ့ပါတယ်။ တကယ် ယုံကြည်လာအောင်လည်း လုပ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အစ္စလာမ်မာဘတ်က ဘာသာရေး အဆောက်အအုံကို ရောက်တဲ့အခါမှာတော့ သူ ဘုရားရှိခိုးတာကို မတွေ့ရဘူးလို့ မစ္စ ရေဘီရာက ပြောပါတယ်။ တရုတ်နိုင်ငံရောက်မှ သူဟာ မူဆလင် မဟုတ်ဘူးဆိုတာ သိရတဲ့အပြင် ဆင်းရဲနေတာကိုလည်း သိခဲ့ရတယ်လို့ ရေဘီရာက ပြောပါတယ်။

ကျန်းဆီက ကြားရတာကတော့ နောက်ထပ် ပုံစံမျိုးဖြစ်နေတယ်။ သူဟာ သတို့သမီးရရှိရေး ဒေါ်လာ ၁၄၅၀ဝ ခန့် တရုတ်ပွဲစားထံ ပေးခဲ့ရတယ် လို့ ပြောပါတယ်။ သူဟာ စာရွက်ပေါ်မှာသာ ဘာသာ ပြောင်းခဲ့ပြီး စစ်မှန်တဲ့ယုံကြည်သူတစ်ဦး မဟုတ်ခဲ့ ပါဘူး။ ကျွန်တော်ဟာ မူဆလင်မဟုတ်ဘူးဆိုတာ သူ ့ကို ပြောပြခဲ့ပါတယ်လို့ အင်တာဗျူးမှာ ကျန်းက ပြောပါတယ်။ ရေဘီရာကပဲ မူဆလင်တွေယုံကြည်ရမယ့် ပထမဆုံးစည်းမျဉ်းတွေကို သင်ပေးခဲ့တယ်လို့ ကျန်းက ပြောပါတယ်။ ရေဘီရာ ကတော့ သူ့အမျိုးသားဟာ မူဆလင် မဟုတ်ဘူးဆိုတာကိုလည်း မသိခဲ့ဘူး၊ ဘာသာရေးနဲ့ ပတ်သက်ပြီး သူ ဘာမှမသင် ပေးခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ကျန်းရဲ့ အသက် ၆၀ အရွယ် မိခင်ဖြစ်သူက တော့ ချွေးမဖြစ်သူဟာ ဘာသာရေးကိုင်းရှိုင်းတာ သိလို့ အစားကျွေးရာမှာလည်း ဂရုစိုက်ခဲ့ပေမယ့် သူဘာကျွေးကျွေး မိန်းကလေးကမစားဘူးလို့ ပြောပါတယ်။ နောက်ဆုံးမှာတော့ ရေဘီရာဟာ ပါကစ္စတန် သံရုံးကိုစာပို့ပြီး ပါကစ္စတန်ကိုပြန်ဖို့ စီစဉ်ခဲ့ပါတယ်။ ကျန်းရဲ့ မိခင်က ဘာလို့ တိုင်းပြည်ရပ်ခြားမှာ သတို့သမီး ရှာရတာလဲဆိုတော့ ဒီမှာ မိန်းကလေးမရှိလို့ပါ။ ကလေးတွေ အများကြီး မွေးခွင့်လည်းမရတော့ လူတိုင်းလူတိုင်းဟာလည်း ယောကျာ်လေးပဲ လိုချင်ကြတယ်လေလို့ ဖြေခဲ့ပါတယ်။       ။
ကိုးကား - နယူးယောက်တိုင်းမ်