တမူး၊ ပင်လည်ဘူး၊ ဖောင်းပြင်နှင့် အင်းတော်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၁ ဧပြီ

 

မူးယစ်တပ်ဖွဲ့စု(၇) တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းတွင် တမူးမြို့နယ်၊ ရန်တိုင်းအောင်ကျေးရွာအထွက်၊ တမူး-ကလေးကားလမ်း၌ ဆွန်ဒါရ် (ခ) မောင်တူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဆပ်ပြာခွက် ၁၃ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၁၄၃ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ ယင်းနေ့ နံနက် ၁၁ နာရီခွဲက ပင်လည်ဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လည်ဘူးမြို့နယ်၊ စေတီဦးကျေးရွာနေ မြင့်အောင်၏ လယ်တဲကိုရှာဖွေရာ ဘိန်းစိမ်း ၁ ဒသမ ၆၃၃ ကီလိုကိုလည်းကောင်း၊ အလားတူ ပင်လည်ဘူးမြို့နယ်၊ ငှောချယ်ကျေးရွာနေ ဖိုးပြား၏နေအိမ်ကို ရှာဖွေရာ ၎င်းနေအိမ်၌ မောင်ညွှန့်ကိုတွေ့ရှိရပြီး ၎င်းတို့ထံမှ ဆပ်ပြာခွက် ၄၆ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၄၆၀ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၇၃၀ ပြားတို့ကိုလည်းကောင်း၊ အလားတူ ဖောင်းပြင်မြို့နယ်၊ ပါဟဲကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ နန်းခမ်းကျေးရွာ မြောက်ဘက်လမ်းတွင် တွေ့ရှိသူ ဝင်းလွင်အားရှာဖွေရာ ဆပ်ပြာခွက် ၁၁ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၁၁၀ ဂရမ်ကိုလည်းကောင်း၊ ထို့အတူ ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းတွင် မူးယစ်တပ်ဖွဲ့စု(၆) ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်း၊ နဘားလမ်းဆုံတွင် မြင့်ဇော်မောင်းနှင်လာသည့် NISSAN AD VAN အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဆီခဲ ၁၉ ဒသမ ၅ ကီလို၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၃၀ဝ၀ဝ၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN