တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့

 

 

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သည်။ ဗုဒ္ဓဘာသာတရားတော်အရ သာမညဖလ အခါတော်နေ့ဟုလည်း သတ်မှတ်ထားသည်။   ယဉ်ကျေးမှု အစဉ်အလာအရ ဆီမီးတန်ဆောင် ထွန်းညှိပူဇော်သည့် တန်ဆောင်တိုင် မီးထွန်းပွဲတော် ကျင်းပသည့်နေ့ဖြစ်သည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် ကထိန်သင်္ကန်း ကပ်လှူခြင်းတို့အပြင် သာမညဖလအခါတော်နေ့ကိုပါ ယှဉ်တွဲကျင်းပကြသည်။

 

သာမညဖလအခါတော်နေ့ဖြစ်ပေါ်လာရသည့် သမိုင်းကြောင်းသည် အဇာတသတ်မင်းကြီး၏ ဘဝဖြစ်စဉ်နှင့် ဆက်စပ် နေသည်။ ရဟန်းပြုရခြင်း အကျိုးကျေးဇူးကို သိလိုသဖြင့် မေးမြန်းလျှောက်ထားလာသော အဇာတသတ်မင်းကြီးကို မြတ်စွာ ဘုရားရှင်က တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်အခါ၌ ရာဇဂြိုဟ်မြို့အနီးရှိ ဆရာဇီဝက သရက်ဥယျာဉ်တွင် သာမညဖလသုတ်တော်ကို ဟောကြားတော်မူသည်။ သာမညဖလသုတ်တရားတော်ကို နာကြားခွင့်ရသည့်အခါ အဇာတသတ်မင်းကြီးသည် ရတနာသုံးပါးကို ကြည်ညိုသည့် သာသနာပြုမင်းကောင်းမင်းမြတ် ဖြစ်လာသည်ဟု သီလက္ခန္ဓဝဂ္ဂပါဠိတော်၌ ဖော်ပြထားသည်။

 

ထေရဝါဒဗုဒ္ဓသာသနာ သန့်ရှင်းတည်တံ့ ပြန့်ပွားစေရန်အတွက် အရေးပါသော ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင်မြင်အောင် ကူညီပံ့ပိုးခဲ့သည်။ မြတ်ဗုဒ္ဓ၏ ဇာတ်နိပါတ်တော်များ မပျောက်ပျက်အောင် စုစည်းသိမ်းဆည်း ထိန်းသိမ်းပေးခဲ့သည်။ ထေရဝါဒဗုဒ္ဓဘာသာသာသနာတော်၏ သမိုင်းမှတ်တမ်း တိကျခိုင်မာစေရေး အတွက် အရေးပါသောသာသနာတော်နှစ်ကို သတ်မှတ်ပေးခဲ့သည်။ မဟာသက္ကရာဇ် ၁၄၈ ခုနှစ်ကို ပယ်ဖျက်၍ ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည့် ကဆုန်လပြည့် နေ့မှစ၍ သာသနာတော်နှစ်ကို စတင်ခဲ့သည်။ အဇာတသတ်မင်းကြီး၏ အမြော်အမြင်ကြီးမားမှုကြောင့် ယနေ့ကာလတွင် သာသနာတော်နှစ်ကို ၂၅၆၇ နှစ်ဟု အတိအကျပြောနိုင်၊ ရေးနိုင်ခဲ့ပေသည်။

 

အဇာတသတ်မင်းကြီးကို အကြောင်းပြု၍ သာမညဖလအခါတော်နေ့ ဖြစ်ပေါ်လာရခြင်းကိုလည်းကောင်း၊  သံဃာတော်များကို   ပူဇော်သည့်နေ့မြတ်အဖြစ် လည်းကောင်းရည်ရွယ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ ကျင်းပခြင်းသည် အဓိက အနှစ်သာရဖြစ်သည်။ သာမညဖလအခါတော်နေ့နှင့်အတူ ကထိန်သင်္ကန်း အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လုပ်ကပ်လှူပွဲတော်၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်တို့အပြင် မိသားစု၊  ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်း အချင်းချင်း မဲဇလီဖူးသုပ်ဝေငှလှူဒါန်းပွဲစသည်ဖြင့် တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို ဒေသအလိုက်ထုံးစံနှင့်အညီ ပွဲအမျိုးမျိုးကျင်းပကြသည်။

 

တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပလေ့ရှိခဲ့သည့် ဘာသာရေးအစဉ်အလာ တစ်ခုမှာ နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည်ပူဇော်ပွဲဖြစ်သည်။ အချို့သူများအနေဖြင့် ရှေးတန်ဆောင်တိုင်ပွဲတော်နှင့် အသွင်သဏ္ဌာန်တို့ကို ဆက်လက်ဆောင်ယူနေဆဲဖြစ်သည်။ တန်ဆောင်တိုင်ပွဲတော်သည် နက္ခတ်ပူဇော်ပွဲမှ အကြောင်းခံလာသည်။ မြတ်ဗုဒ္ဓလက်ထက်ကတည်းက နက္ခတ်ပူဇော်ပွဲတွင် သူခိုးနက္ခတ်ပွဲပါရှိခဲ့သည်။ ဗာလနက္ခတ်ပွဲ၊ သူခိုးလူဆိုးနက္ခတ်ပွဲမှာ ခုနစ်ရက်ကြာသည်။ လူမိုက်အပေါင်းက အရိယာပုဂ္ဂိုလ်၊ ရဟန်းရှင်လူ   ကြီးငယ်မရွေး မကြားဝံ့မမြင်ဝံ့ မတော်တရော် နောက်ပြောင်ကြသည်။ လူကောင်းသူကောင်းများ အိမ်ပြင်မထွက်ရဲ။ သံဃာတော် အရှင်သူမြတ်များကို ပြစ်မှားသဖြင့် အရိယူပဝါဒကံ မသင့်စေရန် ဗာလနက္ခတ်ပွဲ ကာလ၌ သာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံမကြွတော်မူကြောင်း ဓမ္မပဒ၊ အပ္ပမာဒဝဂ်၊ ဗာလနက္ခတ္တဝတ္ထုတွင် ဖော်ပြထားသည်။

 

ဤတန်ဆောင်မုန်းလပြည့်  ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့မြတ်အခါကာလတွင်   ဗုဒ္ဓမြတ်စွာ သာသနာတော် ထွန်းကားပြန့်ပွားရေး၊ သာသနာတော်အဓွန့်ရှည်ရေး၊ သူတော်ကောင်းတရားများပြန့်ပွားရေးကို အလေး အမြတ်ပြုခဲ့သည့် အဇာတသတ်မင်းကြီးဖြစ်စဉ်တော်ကို ဆင်ခြင်မှတ်သား၍ အများပြည်သူတို့   ကောင်းမှုကုသိုလ်များ တိုးပွားအောင်  ကြိုးပမ်းရွက်ဆောင်ခြင်းဖြင့် မကောင်းမှုများပါးလျားကာ ကောင်းကျိုးရလဒ်များ တိုးပွားလာမည်ဟု ယုံကြည်ပါသည်။

 

သို့ဖြစ်ရာ နက္ခတ်ပူဇော်ပွဲများ၊  ဗာလနက္ခတ်ပွဲများမှာ အစဉ်အလာအားဖြင့် ရှိခဲ့သော်လည်း ဗုဒ္ဓဘာသာဝင် မြန်မာတို့အနေဖြင့် မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်မကိုက်ညီသဖြင့် လက်မခံရှောင်ရှားသင့်ပါသည်။ ကထိန်သင်္ကန်း ကပ်လှူခြင်း၊ ဆီမီးထွန်းပူဇော်ခြင်း၊ ကောင်းသောအမှုများပြုလုပ်ခြင်းတို့သည်သာ ကောင်းကျိုးများကို ရရှိစေနိုင်သည့် ရိုးရာအစဉ်အလာ ဘာသာရေးအမှုများအား တိုးပွားပြုလုပ်သင့်ပါသည်။ တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့တွင် အေးချမ်းလှပ လပြည့်ည၏ အရသာကို “သာမည” ရဟန်းပြုခြင်း၏ “ဖလ”အကျိုးကျေးဇူးမည်သော သာမည ဖလသုတ်တော်ကိုအာရုံပြု၍ အဇာတသတ်မင်းကြီးကဲ့သို့ ကြီးလေးသောအပြစ်တို့ကို ကုစားပြီး ရဟန်းပြုခြင်းကဲ့သို့ စစ်မှန်သောငြိမ်းအေးချမ်းသာမှုတို့ကို ဆောင်ကြဉ်း အားထုတ်နိုင်ကြပါစေကြောင်း။

 

ကြေးမုံ